DVB Logo
Home
မြန်မာသတင်း
NUG အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ အွန်လိုင်းက တွေ့ဆုံ
DVB
·
August 30, 2022
NUG အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ အွန်လိုင်းက တွေ့ဆုံ
Donate to DVB

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော် ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတဲ့အကြောင်း NUG အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့  အွန်လိုင်းကနေ တွေ့ဆုံပွဲကို  ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာကျင်းပရာမှာ အခုလို ပြောဆိုခဲ့တာလို့  NUG က သတင်းထုတ်ပြန်ပါတယ်။ 

ယာယီ သမ္မတ ဒူဝါလရှီးလက "မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာပြည်သူများ ပျောက်ပျက်သွားစေဖို့အတွက် အကြမ်းဖက် ကျူးလွန်မှုတွေကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်ဟာ ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုအချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရပါတယ်" လို့ပြောပါတယ်။

အဲဒီနောက်မှာ ရိုဟင်ဂျာပြည်သူတွေရဲ့ တင်ပြချက်တွေ၊ သိလိုတဲ့ မေးခွန်းတွေကိုလည်း ယာယီသမ္မတက ဖြေကြားသွားခဲ့ပြီး ဒီနေ့တွေ့ဆုံပွဲကနေ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့ ပြောဆိုခဲ့သလို မူဝါဒပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ရိုဟင်ဂျာ ပြည်သူတွေရဲ့ အသံ၊ ရိုဟင်ဂျာ ပြည်သူတွေရဲ့ သဘောထားပါဝင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း တွေ့ဆုံပွဲမှာ ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မိမိသဘောဆန္ဒနဲ့၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိဖြင့် ရေရှည် တည်တံ့သော ပြည်တော် ပြန်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာပြည်သူများ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ တို့နဲ့အတူ ရိုဟင်ဂျာ ပြည်သူတွေ အိမ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သင့်တော်သော အခြေအနေတွေ ဖန်တီးဖို့ကြိုးစားနေကြောင်း ထပ်မံ ကတိပြုလိုပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် အချက် ၃ ချက်ကို လုပ်ဆောင် နေပြီးတော့ အဲဒီအချက်တွေကတော့ တရားမျှတမှုနဲ့ တာဝန်ယူမှု တည်ဆောက်တာ၊ ရိုဟင်ဂျာတွေ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုဖို့ အခြေအနေတွေ ဖန်တီးတာနဲ့ ဥပဒေအရနဲ့ လက်တွေ့အရ တန်းတူညီမျှမှု ပေးနိုင်ရန်ကြိုးပမ်းတာတို့ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်လူ့အခွင့်အရေးချိုးဖောက်မှု၊ ခွဲခြားဆက်ဆံမှုတွေ ဖြစ်စေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် တခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့၊ အစားထိုးဖို့ကိုလည်း  အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့  ကတိကဝတ် ပြုထားပြီးဖြစ်ကြောင်း၊ ရိုဟင်ဂျာပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးအဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ ကတိကဝတ် ပြုထားကြောင်းကိုလည်း  မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတာ   ဩဂုတ် ၂၅ ရက်က   ၅ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပြီး တယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသား လူမျိုးစုတွေ ဆယ်စုနှစ်ပေါင်းများစွာ တွေ့ကြုံခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေ အပါအဝင် စစ်အစိုးရနဲ့ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာက တိုက်တွန်းထားပါတယ်။

Photo-NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013