
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းလမ်းတွေကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားပြီး အေအေနဲ့ ပတ်သက်မှုရှိ၊ မရှိ အုပ်ချုပ်ရေးမှူးအချို့နဲ့ ကျေးရွာသားတွေကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဟုတ်ပါတယ်။ လမ်းတွေလည်း ပိတ်ထားတယ်။ ကျေးရွာအပြင်ကိုတောင် ထွက်ခွင့်မပေးဘူး။ ရွာသူရွာသားတွေကို ပိတ်လှောင်ထားပြီး မသင်္ကာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးနေတယ်” လို့ တောင်ပိုင်းကျေးရွာသားတဦးက ပြောပါတယ်။
ခရေမြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်မြကျော် အပါအဝင် ကျေးရွာသား ဦးစံထွန်းဖြူနဲ့ ဦးကျော်လှဦးတို့ ၃ ဦးကို သြဂုတ် ၂၈ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်ကောင်စီ နယ်ခြားစောင့်တပ်ရင်းက ဖမ်းဆီးသွားခဲ့ပြီး စစ်ဆေးမေးမြန်ကာ ဒီနေ့မနက် ၁၀ နာရီလောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက “သူတို့ကို မနေ့က နယ်ခြားစောင့်တွေ ဖမ်းဆီးသွားတယ်။ ရွာတွေမှာ အေအေတွေ အသွင်ပြောင်ပြီး ဝင်ရောက်နေတာတွေရှိသလား။ အေအေနဲ့ ဆက်သွယ်မှု ရှိ မရှိ မေးမြန်းတယ်။ အေအေနဲ့အဆက်အသွယ်မလုပ်ဖို့ ပြောတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ကလည်း ကျောက်ပန္ဒူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘု အပါအဝင် ဒေသခံကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီစစ်ကြောင်းတခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်နေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီးနဲ့ မောင်တောမြို့နယ် ကျောက်ပန်းတူ ကျေးရွာအနီးမှာ ဩဂုတ် ၁၃ ရက်နေ့ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် သြဂုတ ၁၄ ရက်ကစပြီး မောင်တောမြို့နယ်တောင်ပိုင်းလမ်းတွေကို အကန့်အသတ်မရှိ ပိတ်ထားတာပါ။