Home
မြန်မာသတင်း
မူဆယ်ဒေသက ကြံစိုက်တောင်သူများ အရှုံးပေါ်
DVB
·
August 29, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ် မူဆယ်ဒေသက ကြံစိုက်တောင်သူတွေဟာ အခုနှစ်မှာ မိုးများပြီးလမ်းပျက်စီးမှုကြောင့် တရုတ်ဘက်အချိန်မီ ကြံမတင်ပို့နိုင်လို့ အရှုံးပေါ် နေတယ်လို့  ကြံစိုက်တောင်သူတွေနဲ့ ကြံကုမ္ပဏီ ကိုယ်စားလှယ်တွေထံက သိရပါတယ်။ 

မူဆယ်ဒေသခံ ကြံစိုက်တောင်သူ ၁ ဦးက"မနှစ်ကတော့ ဒီလောက်ထိ မဖြစ်ဘူး။ အခုနှစ်က မိုးရွာတာစောတယ်။ မနှစ်က ကြံတွေ သိမ်းကုန်မှ မိုးရွာတော့ ဘာမှ မဖြစ်ဘူး။ ဒီနှစ်က ကြံယူတာလည်း နောက်ကျတယ်။ မိုးရွာတာလည်း စောတယ်။ မြေတွေပြို။ ကြံကားတွေ များတော့ လမ်းတွေပျက်။ သွားလို့ အဆင်မပြေတော့တာ။ ကားလည်း ခဏ ခဏ လဲတယ်။ စက်ကြီး ပြန်ငှားနဲ့ ရှုံးတယ်။ ရောင်းရတဲ့ သူတွေလဲ သိပ်မကျန်ဘူး။ ရှုံးတယ်။ မခုတ်ရတဲ့ သူတွေလည်း ရှုံးကြတယ်။" လို့ ပြောပါတယ်။

လမ်းပျက်စီးမှုတွေကြောင့် ပစ္စည်းသယ်ယူပို့ဆောင်ဖို့ အရမ်းခက်ခဲနေပြီး ကြံကို သုံးပုံ တစ်ပုံသာ ခုတ်ယူနိုင်တဲ့အပြင် ခုတ်ပြီးသားကြံတွေလည်း ကားအခက်အခဲကြောင့် မတင်ပို့နိုင်တော့ဘူးလို့ ဖောင်းဆိုင်းဒေသခံ ကြံစိုက်တောင်သူတစ်ဦးက ထပ်ပြောပါတယ်။ 

အသုံးပြုတဲ့ ကားလမ်းမှာ တပိုင်းသာ ကတ္တရာလမ်းဖြစ်ပြီး ကျန်တဲ့အပိုင်းက  မြေနီလမ်းအသုံး ပြုရတဲ့ လမ်းအမျိုးအစားဖြစ်ကာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစပြီး မိုးများလာတဲ့အတွက် လမ်းက အရင်ထက် ပိုပျက်လာပြီး သွားလာရတာ ပိုခက်ခဲလာတယ်လို့ ဆိုတယ်။ 

 ဒေသခံ ပြည်သူ့စစ်တဦးက  "ဒီလမ်းက ကျနော်တို့ မမွေးခင် ကွန်မြူနစ်ခေတ် ကတည်းက သုံးနေပြီ။ နွားလှည်းခေတ်ကတည်းက။ ကျနော်တောင် နွားလှည်းနဲ့ လက်ဖက်ခြောက်သွားပို့ ဖူးတယ်။ မြေကတော့ ဘာ အမျိုးအစားလဲတော့မသိဘူး။ အရင်ကတော့ နွားလှည်းနဲ့ ဆိုတော့ လမ်း အဲလို ပြိုတာမရှိဘူး။ မနှစ်ကတည်းက လမ်းချဲ့ လိုက်ဝောာ့ လမ်းတွေ ပို ပြိုလာတယ်။ ခုနှစ်တော့ လမ်းက ပိုပြိုလာတယ်။ ကြံကား သွားလို့ ဖြစ်တာလားတော့ မသိဘူး။" လို့ပြောပါတယ်။

မုံးကိုး၊ ဖောင်းဆိုင် ဘက်ကနေ တင်ပို့ရတဲ့ ကြံတင်ကားတွေက လမ်းမကောင်းတဲ့ အပြင် မိုးရွာရင် လမ်းမှာ မြေပြိုပြီး မကြာခဏကားလဲတာကြောင့် အခက်အခဲဖြစ်ကြရတယ်လို့ ကြံကားသမားတွေနဲ့ ကားပိုင်ရှိင် တွေက ပြောပါတယ်။

မုံးပေါ်ဒေသက ကြံခင်း ပိုင်ရှင် ၁ ဦးက "ကား တစီး ပြန်ထောင်ဖို့ စက်ကြီး ငှားရင် တခါ ကို တရုတ် ယွမ် ၁၀၀၀ ပေးရတယ်။ တခါတလေ နှစ်ခါ သုံးခါ လဲတာလဲ ကြုံရတယ်။ လမ်းက တောလမ်းဆိုတော့ ဆိုင်မရှိတာများလို့ ခြံရှင်တွေက ကားငှားရင် ထမင်းပါ လိုက်ပို့ရတော့ အရမ်းဒုက္ခရောက်တယ်။ ခါတိုင်းနှစ်က မိုးမကျခင် အကုန်ပြီးပြီ။ ဒါပေမဲ့ ဒီနှစ်တော့ ခါတိုင်းနှစ်ထက် မိုးများတယ်" လို့ ရှင်းပြပါတယ်။

ကြံ ၁ တန်ကို ကားခ တရုတ်ငွေ ယွမ် ၁၅၀ ဝန်းကျင်ပေးရပြီး ကား ၁ စီးကို အနည်းဆုံး တန် ၂၀ တင်နိုင်မှသာ တင်ပို့ခွင့်ပြုတယ်လို့ဆိုပါတယ်။

အလားတူ မီးသွေးတင်ပို့နေတဲ့ ကားသမား တယောက်ရဲ့ ဇနီးကလည်း အခုနှစ် မိုးများတာကြောင့် စောစောနားရကာ မိသားစုဝင်ငွေ ခက်ခဲနေရတယ်လို့ ပြောပါတယ်။ 

"မနှစ်တုန်းက ဇွန်လကုန်ထိ တင်တယ်။ ဒီနှစ်က မိုးများလို့ လမ်းပျက်တာကြောင့် စောစော နားလိုက်ရတယ်။ ခါတိုင်းနှစ်ထက် ဒီနှစ် ပိုဆိုးတယ်။ အဲဒါကြောင့်မို့ ဒီနှစ်က ဝင်ငွေ မရှိတော့ စားဖို့သောက်ဖို့ ပိုခက်ခဲသွားတာ။ ခါတိုင်းဆိုရင် ဇွန်လလောက်ထိရတယ်။"

ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်အနေနဲ့ ရာသီဥတု ပြောင်းလဲမှုတွေဖြစ်စဉ်တွေလည်း နိုင်ငံတိုင်းကြုံတွေ့နေရပြီး မြန်မာနိုင်ငံရဲ့ ကုန်တွင်းပိုင်းဒေသတွေမှာ  ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဆယ်စုနှစ် တစ်ခု တိုင်းတွင် ပျှမ်းမျှ အပူချိန် ၀ ဒဿမ ၃၅ စင်ဒီဂရိတ်  အထိ တိုးလာနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့  အချက်အလက်အရသိရတယ်။

အပူချိန်တိုးလာတဲ့ အကျိုးဆက်အပြင်မိုးရွာသွန်းမှုပုံစံပြောင်းလဲလာတာ၊ မိုးများလာတာ၊  မိုးနည်းလာတာ၊ မိုးမမှန်တာစတဲ့ အကျိုးဆက်တွေကိုလည်း မြန်မာတောင်သူလယ်သမားများက ခံစားနေရတယ်။ 

ဒီလိုရာသီဥတု ပြောင်းလဲမှုရဲ့ဒဏ်တွေအပြင် စစ်ဖြစ်ထားတဲ့ မုံးကိုး တောင်ပေါ်ဘက်တွေ၊ နမ့်တောင်း၊ ပန်ဆိုင်း၊ မုန်းပေါ်၊ မုံးကိုးဘက်က ကြံတွေကိုတော့ မုံးကိုး - မန်ဟိုင်း နယ်စပ် ဂိတ်ကနေ တရုတ်ဘက် တင်ပို့တာကို ဇွန်လ ၂၀ ရက်နေ့ကစ ပိတ်လိုက်တာလို့ မုံးကိုး ဒေသခံ ၁ ဦးက ဆိုပါတယ်။ 

တင်ပို့လို့ မရတော့တာကြောင့် ကျန်နေတဲ့ကြံခင်းတွေက ၃ ပုံ ၂ ပုံ လောက်ရှိနေပြီး ထယ်ထိုး မြေပြင်ချိန်ကနေ ခုတ်ရောင်းရမယ့် အချိန်ထိ ကြံ ၁ ဧက ကို ပျမ်းမျှ သိန်း ၂၀ ဝန်းကျင် ကုန်ကျထားရကြောင်း ကြံခင်းပိုင်ရှင်လည်းဖြစ် ကြံကိုယ်စားလှယ် လည်းဖြစ်သူက ပြောပါတယ်။

"ဒီနှစ် မခုတ်တဲ့ အခင်းတွေက နောက်နှစ်ခုတ်ဖို့ ခက်သွားပြီ။ မိုးများပြီး ရေထိနေတဲ့နေရာသွား ခုတ်ရင်လည်း အပင် သေသွားတယ်။ ကြံလုပ်ငန်းရှင်တွေတော့ နည်းနည်းပါးပါး နစ်နာကြေး ပေးမယ်လို့ပြောတော့ ပြောပေမယ့် ခုထိ စာမလာ၊ သတင်းမကြား ဖြစ်နေတယ်။" 

၂၀၂၁ ခုနှစ် ကစပြီး မူဆယ်နယ်စပ် တလျှောက် စပါးစိုက်ရာ လယ်ကွက်တွေကိုပါ ကြံစိုက်လာကြပြီး ကြံစိုက်တောင်သူများလာချိန် ရာသီဥတုကြောင့် တင်ပို့ ရောင်းချဖို့ လမ်း အဆင်မပြေတာတွေကြောင့် မိသားစုဝင်ငွေ မရတော့ပဲ စားဝတ်နေရေး ကျပ်တည်းလာကြရသလို နေ့စား အလုပ်ကို မှီခိုနေကြရတဲ့ ဒေသခံတွေပါ စားဝတ်နေရေး ခက်ခဲလာကြတယ် လို့ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024