DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို အမြန်ဖြုတ်ချနိုင်ရေး လက်နက်ခဲယမ်းလိုအပ်နေဟု PDF တပ်ဖွဲ့ပြော
DVB
·
August 29, 2022
စစ်အာဏာရှင်ကို အမြန်ဖြုတ်ချနိုင်ရေး လက်နက်ခဲယမ်းလိုအပ်နေဟု PDF တပ်ဖွဲ့ပြော
Donate to DVB

စစ်အာဏာရှင်ကို အမြန်ဆုံးဖြုတ်ချနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စုဖွဲ့မှုအားကောင်းပြီး လက်နက်ခဲယမ်းပြည့်စုံမှသာ ပြည်သူလူထုကို စစ်ကောင်စီတပ်ရဲ့ ဘေးအန္တရာယ်ကနေ  အပြည့်ဝကာကွယ်ပေးနိုင်မယ်လိမ့်လို့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

CDM ကျောင်းဆရာကနေ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာသူ The Youth Force(ဆော၊ကျောက်ထု)ရဲ့ ခေါင်းဆောင် ဆရာဇင်ကိုဝင်းက “ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ တော်လှန်ရေးစကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG/MOD ဆီကနေ အပ်တိုတစ်ချောင်းတောင်မှ အထောက်ပံ့မရဖူးသေးဘူးဗျ။ ကျနော်ထင်ထားတာက သူတို့ထောက်ပံ့ပေးနိုင်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ်ရှေ့တန်းမှာ လက်ရှိတိုက်ပွဲဝင်နေကြတဲ့ သူတွေအတွက်ကတော့ ယနေ့ ထိတိုင်အောင် ဘာကူညီထောက်ပံ့မှုမှ မပေးနိုင်တဲ့အပေါ်မှာတော့ ကျနော်တို့ စိတ်အားငယ်မိတယ်။”လို့ပြောပါတယ်။

အဖွဲ့ထဲမှာရှိတဲ့ CDM ဆရာမလေးတွေရဲ့ ရွှေထည်တွေကို ရောင်းချလှူဒါန်းပေးလို့ အဲဒီငွေတွေနဲ့ ရပ်တည်ခဲ့ရပြီး လက်နက်ဝယ်ဖို့အတွက် အလှူရှင်တွေဆီက ငွေတွေနဲ့  လက်နက်ခဲယမ်းတွေ ဝယ်ယူခဲ့ရတာလို့ ဆိုပါတယ်။

လက်နက်နဲ့ ကျည်ဝယ်ယူတဲ့နေရာမှာလည်း အချိန်ကြံ့ကြာတာတွေရှိသလို တချို့အဖွဲ့တွေဆိုရင် ပစ္စည်းမရောက်ဘဲ ငွေတွေဆုံးရှုံးသွားတာရှိပါတယ်။

Local PDF တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားတာကို ပြည်သူတွေ သိရှိမှ လှူဒါန်းပေးကြတာဖြစ်ပြီး PDF တွေအနေနဲ့ကလည်း ပြည်သူလှူဒါန်းမှသာ တိုက်ပွဲမှာ ပုံမှန်ထက်ပိုပစ်လို့ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ TYF အနေနဲ့ NUG အစိုးရနဲ့ တရားဝင်ချိတ်ဆက်ပြီး သူတို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ လျှို့ဝှက်တိုက်ပွဲဝင်ဖို့ စီစဥ်နေတာ ယနေ့အချိန်ထိအဆင်မပြေသေးဘူး။ 

The Youth Force-ဆော၊ကျောက်ထု တာဝန်ရှိသူ ဆရာဇင်ကိုဝင်းက “စစ်ကောင်စီရဲ့ထိုးစစ်ကို ဟန့်တားနိုင်လောက်တဲ့ လက်နက်ခဲယမ်းသာ ပြည့်စုံမယ်ဆိုရင် ကျနော်တို့ စစ်ဆင်ရေးတွေ လှုပ်ရှားနိုင်ပြီး စစ်(...)တွေပိုပြီးအထိနာနိုင်တယ်။ ဒါမှမဟုတ်ဘဲ တဘက်က တိုက်ပွဲတိုက်နေပြီး တဘက်မှာငြိမ်နေမယ်ဆိုရင် တော်လှန်ရေးကတော့ ကြာနေဦးမှာပဲ” လို့ပြောပါတယ်။

ရေစကြိုမြို့နယ် ပ.က.ဖ ခေါင်းဆောင်  ရဲဘော်ဝေကြီးက “ကျနော်တို့က ပြည်သူကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေတာဖြစ်လို့ သူတို့ရဲ့ ဖမ်ဆီးသတ်ဖြတ်တာခံရမှာနဲ့ စာရင် တိုက်ရင်းနဲ့ သေမယ်။ တိုက်ရင်းနဲ့ သေတာချင်းအတူတူ တူမီးကိုင်ပြီး အသက်ပေးရတာနဲ့ စာရင် မောင်းပြန်နဲ့ တိုက်ပွဲဝင်ပြီး အသက်ပေးမှာပေါ့။”

လက်နက်ကိုင်တော်လှန်ရေးစတင်တဲ့ အချိန်မှာ တူးမီးလေးတစ်လက်ရဖို့တောင် မင်းတပ်တို့ ယောဒေသဘက်တို့ကို တက်ပြီးဝယ်ယူခဲ့ရကာ ပစ်စရာယမ်းမရှိလို့ သေနတ်ကိုထိုင်ကြည့်နေရတဲ့ ဘဝကနေ ယမ်းတွေ၊ ခဲသီးတွေရဖို့ အမျိုးမျိုးတွေ ကြိုးစားခဲ့ရတယလို့   ရဲဘော်ဝေကြီးက ပြောပါတယ်။

မိုင်းခွဲဖို့ဆိုရင်လည်း ဘယ်လိုခွဲရမယ်ဆိုတာ မသိလို့ ကျွမ်းကျင်တဲ့ သူတွေဆီမှာ သွားရောက်သင်ယူခဲ့ရပြီး စမ်းသပ်ရင်းနဲ့ ရဲဘော်တွေ ထိခိုက်ခဲ့ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ရဲဘော်ဝေကြီးက “ကျနော်တို့အပါအဝင် တခြားတော်လှန်ရေးအဖွဲ့စည်းတွေ အကုန်လုံး လက်နက်ကို ငဲ့နေရသလို NUG အစိုးရကလည်း လက်နက်ခဲယမ်းတွေ လုံလောက်အောင်တပ်ဆင်မပေးနိုင်သေးလို့ ဒီအချိန်မှာ ပြည်သူလုထုကို အပြည့်ဝအကာကွယ်မပေးနိုင်သေးဘူးဆိုတာ ဝန်ခံရမယ့်ကိစ္စပါ။ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်ပေါ်ပေါက်ရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် မျက်ခြေမပြတ်ဘဲ NUG၊ ကာကွယ်ရေးအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တစိုက်မတ်မတ် လျှောက်လှမ်းမယ်ဆိုရင် ပိုပြီးမြန်မှာပါ။”

NUG အစိုးရတော့ နိုင်ငံတဝန်းမှာ PDF တွေနဲ့ ဒေသဆိုင်ရာ ပြောက်ကျားတပ်ဖွဲ့တွေ သန်းနဲ့ချီ ရှိပြီး အားလုံးအတွက် လက်နက်တပ်ဆင်မပေးနိုင်သေးဘူးလို့ ဝန်ခံပြောကြားထားပါတယ်။

မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ်လ ၂၅ ရက်အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တစ်နိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈၄၃၄ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013