
တောင်ကိုရီးယားနိုင်ငံမှာ စံချိန်တင် အပူလှိုင်းပြင်းထန်မှုကြောင့် မေလကတည်းက စတင်ပြီး အပူလွန်ဝေဒနာ ခံစားရသူ ၂,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၆ ယောက်အထိ မြင့်တက်လာပြီး ထိခိုက်ခံရသူတွေကို ကူညီထောက်ပံ့မှု တိုးမြှင့်ပေးဖို့ သမ္မတ အီဂျယ်မြောင်က ဩဂုတ် ၄ ရက်မှာ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။
သမ္မတ အီဂျယ်မြောင်က ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ “တောင်ဘက်ပိုင်း ဒေသအချို့မှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထက်မက မြင့်တက်နေတာ ရက်ဆက်ရှိနေပြီဖြစ်လို့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အဲကွန်းသုံးစွဲမှု မြင့်တက်လာတာကြောင့် လျှပ်စစ်ဓာတ်အားစနစ်တွေကို စစ်ဆေးဖို့၊ ထိခိုက်လွယ်သူတွေနဲ့ ပြင်ပမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေရဲ့ ဘေးကင်းရေးကို သေချာကြည့်ရှုပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သမ္မတက “အစွန်းရောက် ရာသီဥတုတွေဟာ ပုံမှန်လို ဖြစ်လာနေတာကြောင့် အမျိုးသား အရေးပေါ်စနစ်တခုလုံးကို အခြေခံကစပြီး အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်ရပါမယ်” လို့ ပြောပါတယ်။
တောင်ကိုရီးယား မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ တောင်ဘက်ပိုင်း ပြည်တွင်းမြို့တမြို့ဖြစ်တဲ့ ယန်ဆန်းမြို့မှာ တနင်္ဂနွေနေ့က အပူချိန် ၄၂ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၀၈ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်) အထိ စံချိန်တင် ရောက်ရှိခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၁၂၂ နှစ်အတွင်း အမြင့်ဆုံး အပူချိန် ဖြစ်ပါတယ်။
ဒါ့အပြင် မိုးလေဝသဌာနဟာ ဆိုးလ်မြို့ ပတ်ဝန်းကျင်ဒေသတချို့နဲ့ ဂျောင်ဂီပြည်နယ်တို့မှာ တနင်္လာနေ့က သမိုင်းတလျှောက် ပထမဆုံးအကြိမ် အပူလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ပြီး အင်္ဂါနေ့မှာတော့ မြို့တော်ဆိုးလ်တခုလုံးအထိ တိုးမြှင့် ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters










