
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သြဂုတ် ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာ ၂ ရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူ ၁၀,၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ် ဝယ်တောင် (တောင်) ရွာနဲ့ (မြောက်) ရွာကြားမှာ သြဂုတ် ၂၇ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ၇ ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ God of Myaing-PDF ရဲ့ခေါင်းဆောင် ဗိုလ်စပ်ဖြီးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်(...)တွေဘက်က အင်အား ၁၃၀ လောက်ကို စစ်ကြောင်း ၃ကြောင်းခွဲပြီး တက်လာတဲ့ စစ်(...)အယောက် ၂၀ လောက် မြေပဲခင်းထဲဖြတ်တဲ့အချိန် မနက် ၁၀ နာရီခွဲလောက်မှာ ကျနော်တို့ဘက်က လက်ဦးမှုရယူပြီး လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သူတိုဘက်က သေဆုံးဒဏ်ရာရသူရှိနိုင်ပြီး မနက် ၁၁နာရီ ကျော်တဲ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တာ။”
စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၂၅ ရက်နေ့မှာ ဗဟင်းရွာဘက်ကနေ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ဆူးဝင်ရွာ၊ ဝယ်တောင်(တောင်)ရွာနဲ့ ဝယ်တောင်(မြောက်)ရွာက ဒေသခံပြည်သူ ၁ သောင်းလောက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဆူးဝင်းကျေးရွာက ဒေသခံပြည်သူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သြဂုတ် ၂၆ ရက်နေ့မနက်ပိုင်းမှာ ဆူးဝင်းရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဝယ်တောင်(တောင်) ရွာမှာ ညအိပ်စခန်းချပြီး ဒီနေ့မနက်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကိုတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေနဲ့ ၅ မိုင်လောက်ကွာဝေးတဲ့ ကျေးရွာတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက နေထိုင်စားသောက်ရေးတွေ စီစဥ်ပေးထားပြီး ရက်ကြာလာပါက အခက်ခဲတွေဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
အဝတ်တထည်ကိုယ်တခုနဲ့ အသက်လုပြီးထွက်ပြေးလာရလို့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေများပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးရင်းအသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။