DVB Logo
Home
မြန်မာသတင်း
“အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်မှ ကန်ဒေါ်လာ ၃ သိန်း ၄ သောင်းကျော်ရရှိ
DVB
·
August 26, 2022
“အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်မှ ကန်ဒေါ်လာ ၃ သိန်း ၄ သောင်းကျော်ရရှိ
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသတွေက မီးဘေးသင့်ပြည်သူတွေအတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်တည်ဆောက်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်ကနေ အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်းကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကိုတော့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ OFP, Global Fundraiser Group (GFG)တို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကနေ လက်မှတ်တွေ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

“ဒီအစီအစဉ်လေးဟာ ပြည်သူမှ ပြည်သူသို့ ဖေးမလက်တွဲကူခဲ့တဲ့ အင်မတန် မွန်မြတ်တဲ့ အစီအစဉ်လေး ဖြစ်တာမို့ ပြည်တွင်း ပြည်ပမှ လက်မှတ်ဝယ်ယူပေးခဲ့သူများအားလုံးဟာ အခက်အခဲကြုံလာချိန်မှာ အချင်း ချင်း ဖေးမကူညီရမယ် ဆိုတဲ့ အမေ့စကားကို  တညီတညာတည်း လိုက်နာကျင့်သုံးခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပြီးပါပြီ။ လက်မှတ် စရောင်းခဲ့တဲ့ (၈) ရက်နေ့ကစလို့ အစီအစဉ်ပိတ်သိမ်းတဲ့အချိန်အထိ စုစုပေါင်း လက်မှတ်စောင်ရေ (34245) တိတိ ရောင်းချနိုင်ခဲ့ပါတယ်။ လက်မှတ်ရောင်းချငွေ အမေရိကန်ဒေါ်လာ ​သုံးသိန်းလေးသောင်းနှစ်ထောင့်လေးရာငါးဆယ်ကို (USD 342450) ကို MOHDM သို့ လွှဲပြောင်းပေးအပ်နေပြီ ဖြစ်ပါတယ်။ မီးရှို့ခံဒေသမှ ပြည်သူများ အတွက်  ချစ်ခြင်းအားဖြင့် မိုးပေးသော အမိုး၊ မေတ္တာများဖြင့် ကာပေးခဲ့သော အကာအရံများဟာ လက်ရှိ ကျွန်တော်တို့အားလုံး ကြုံတွေ့နေကြရတဲ့ ပြည်တွင်းစစ်အတွင်းက ချစ်ခြင်းမေတ္တာ ပြယုဂ်များ ဖြစ်လာတော့မှာ အသေအချာပါ။ အခက်အခဲများကြားက နိုင်သမျှဝန်ကို ထမ်းခဲ့ကြတဲ့ ပြည်သူတစ်ဦး တစ်ယောက်ချင်းကို ကျွန်တော်တို့ အမေ့လက်ဆောင် အမေ့ယပ်တောင် အဖွဲ့ သားများအားလုံးက လေးစားစွာ ကျေးဇူးတင်ရှိကြောင်း ကျေးဇူးစကားဆိုအပ်ပါတယ်။”

လတ်တလော မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတာ၊ ဖမ်းဆီးနှိပ်စက်တာတွေအပြင် လေကြောင်းက ဗုံးကြဲ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင် ရွာလုံးကျွတ် မီး ရှို့ဖျက်ဆီးတာတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ အများဆုံးစံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းယူပြီးကတည်းက လူ ၄၁,၉၀၀ ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

“အမေမှာကြားခဲ့တဲ့ ဆုံးမစကားဖြစ်တဲ့ အခက်အခဲတွေ ကြုံရတဲ့ အချိန်မှာ အချင်းချင်း စောင့်ရှောက်ကြပါ၊ ကူညီကြပါ ဆိုတဲ့ စကားလေးကို လိုက်နာသောအားဖြင့် ဒီအစီအစဉ်လေးကနေတဆင့် ပြည်သူမှသည် ပြည်သူဆီသို့ စာနာမှုများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ ချစ်ခြင်းမေတ္တာများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ အရိပ်မိုးဖို့ ကာကွယ်ဖို့ ဝိုင်းဝန်းကူညီကြရပါမယ်။”

လတ်တလောမှာတော့ အမေ့လက်ဆောင် အမေ့ယပ်တောင် အစီအစဉ်မှာ အားလုံးတတပ်တအား ပါဝင်နိုင်ဖို့ နှိုးဆော်ထားပြီး ယပ်တောင်လေးရဲ့ ကံထူးရှင်ကိုတော့ ဩဂုတ် ၂၆ ရက်ဒီကနေ့မှာ ကြေညာဖို့ အစီအစဉ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013