DVB Logo
Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်တပ်များ ထိခိုက်ကျဆုံး
DVB
·
August 26, 2022
ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်တပ်များ ထိခိုက်ကျဆုံး
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ သြဂုတ် ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၁ ယောက် သေဆုံးကာ PDF ရဲဘော် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ MG6-ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

ရေလယ်ကျွန်းဒေသ မင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် ၂၄ ရက် မနက် ၅ နာရီလောက်မှာ ဒေသကာကွယ်ရေးညီနောင်မဟာမိတ် ၂၆ ဖွဲ့ ပူးပေါင်းပြီး သုံးဖက်ညှပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ MG6-ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး ကိုချမ်းက ဒီဗွီဘီကို ပြောပါတယ်။

“မင်းရွာမှာ အထိုင်ချထားတာ တလလောက်ရှိနေပြီး လူထုရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းဖို့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပေမဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ ပစ်လို့ ကျနော်တို့ဘက်က ရဲဘော် ၆ ယောက် လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့လို့ စခန်းမသိမ်းနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

“မင်းရွာဘက်က အတွင်းသတင်းပေးတွေဆီကနေ သိရတာက စစ်(...)ဘက်က ၂၁ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရတယ်လို့ သိရပြီး အဲဒီစစ်(...)၊ ပျူ(...)အလောင်းတွေကို မင်ရွားမှာ မီးရှို့တာကိုလည်း မီးခိုးတွေ လှမ်းမြင်ရတယ်” လို့ ကိုချမ်းက ပြောပါတယ်။

ရေလယ်ကျွန်းဒေသက လှေခုတ်ရွာနဲ့ ငတမျှော်ရွာတွေကိုလည်း သြဂုတ် ၁၃ ရက်ကနေ ၁၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၈၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ရေလယ်ကျွန်းဒေသမှာ စစ်ဘေးရှောင်ပြည်သူ ၈,၀၀၀ လောက်ရှိနေပြီလို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်သူတွေဆီကနေ ထောက်ပံ့လှူဒါန်းပေးထားတဲ့ ဆန်တင်း ၁၅၀ လောက်ကိုလည်း MG6-ပြောက်ကျားတပ်ဖွဲ့က စစ်ဘေးရှောင်စခန်းတွေကို လိုက်လံဝေငှဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။

မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013