DVB Logo
Home
Lead Story
နွေဦးတော်လှန်ရေး ရှေ့ဆက်ခရီး
DVB
·
August 26, 2022
နွေဦးတော်လှန်ရေး ရှေ့ဆက်ခရီး
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ ခရီးစဉ်က စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးဖို့ စိတ်ကူးလုံးဝမရှိဘူး ဆိုတာကို ပီပီပြင်ပြင်၊ ပြတ်ပြတ်သားသား ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ရွှေ့ပေးမလိုလို၊ တွေ့ဆုံဆွေးနွေးရေး လုပ်တော့မလိုလို လုပ်ပြခဲ့ပေမဲ့ တကယ်လက်တွေ့ ဆောင်ရွက်ဖို့ စိတ်ကူး လုံးဝမရှိဘူးဆိုတာက အတိုင်းသား ပေါ်လွင်နေပါတယ်။ ရလဒ်ကတော့ ရှင်းပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ဖို့က လုံးဝ မဖြစ်နိုင်တော့ပါဘူး။

အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်း တရပ်လုံးက မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အပေါ်မှာပဲ အခြေခံခဲ့ကြတာပါ။ ဒါကြောင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးက မဖြစ်နိုင်တော့ဘူးဆိုတာ ပေါ်လွင်လာပြီ ဖြစ်တဲ့အတွက် အနာဂတ်မှာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းတဲ့အခါ ဘယ်လိုအချက်တွေအပေါ် ကိုင်တွယ်ဆောင်ရွက်ကြမလဲ ဆိုတာကို ဆုံးဖြတ်ရမယ့်အချိန် ရောက်လာပါပြီ။

ပထမဦးဆုံး ဆောင်ရွက်ရမှာက စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် အာဏာသိမ်းခဲ့ (တိတိကျကျပြောရရင် နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တာပါ) သလို ကိုယ့်ပြည်သူလူထုအပေါ် မြေလှန် မီးရှို့၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် လုံးဝဆုံးရှုံးသွားပြီ ဆိုတာကို အတိအကျ ဖော်ပြရမှာပါ။

အခုလာမယ့် စက်တင်ဘာ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပတဲ့အခါ ဒီအချက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရမှာ သေချာပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ အနိမ့်ဆုံး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ခြင်း မရှိသေးသရွေ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ရရှိရေးကို ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

တပြိုင်တည်းမှာပဲ အာဆီယံတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ စံနမူနာလုပ်ရပ်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တရားဝင် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးကို ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။ အဲဒီကတဆင့် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ စစ်ကောင်စီနဲ့ ထိတွေ့ဆောင်ရွက်မှုအားလုံး ရပ်ဆိုင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုက်ရိုက်ထိတွေ့ ဆောင်ရွက်သွားမယ် ဆိုတာကို ဆုံးဖြတ်ချက်ချ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဒီဆုံးဖြတ်ချက်သာ ချနိုင်ပြီဆိုရင် မြန်မာနိုင်ငံအရေးမှာ စစ်ကောင်စီနဲ့ ဆွေးနွေးရေးကို သံယောဇဉ်မကုန်ဖြစ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့လို နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရေးကို တွန်းအားပေး အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာကို အမေရိကန်နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင် ထိတွေ့ညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်လို့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့လို နိုင်ငံတွေကို တွန်းအားပေးရာမှာ အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်က အထောက်အပံ့ကောင်း ဖြစ်နိုင်ပါတယ်။

၂၀၂၂ ခုနှစ် အမေရိကန်နိုင်ငံ ဘတ်ဂျက်ဥပဒေအရ အမေရိကန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရကို စစ်ရေးမဟုတ်တဲ့ ဘဏ္ဍာရေးအကူအညီ ဒေါ်လာ ၁၃၆ သန်း ပေးဖို့ကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးနေပါပြီ။

ဒီမိုကရေစီ မြှင့်တင်ရေးနဲ့ လူသားချင်းစာနာရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဘဏ္ဍာရေး အကူအညီတွေကို ပေးအပ်သွားမှာပါ။ လူသားချင်းစာနာရေး အကူအညီတွေကို တကယ် အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားပြည်သူတွေလက်ထဲ အရောက်ပေးပို့နိုင်ဖို့ဆိုရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။

အမေရိကန်ကွန်ဂရက်က အတည်ပြုထားတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လက်တွေ့ ပံ့ပိုးပေးနိုင်ဖို့၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်း တွန်းအားပေးမှာက သေချာပါတယ်။ ဒီလို ပံ့ပိုးကူညီမှုတွေက နွေဦးတော်လှန်ရေး အင်အားစုတွေ ချုပ်ကိုင်၊ စိုးမိုးတဲ့ နယ်မြေတွေ ခိုင်မာ၊ ကျယ်ပြန့်ရေးကို တတပ်တအား တွန်းအားဖြစ်စေမှာပါ။

မြန်မာ့အရေးမှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ လုံခြုံရေးကောင်စီအတွင်း ဗီတိုအာဏာ ကျင့်သုံးပိုင်ခွင့်ကြောင့် ဘယ်လို ထိရောက်တဲ့ ဆုံးဖြတ်ချက်ကိုမှ ချနိုင်မှာမဟုတ်ဘူး ဆိုပြီး ပြည်သူတွေကြား အားလျော့နေတာကို သတိထားမိပါတယ်။ တကယ်ကတော့ ဒီထင်မြင်ချက်ဟာ မမှန်ပါဘူး။

ကုလသမဂ္ဂ အထွေထွေညီလာခံက ငြိမ်းချမ်းရေးအတွက် တညီတညွတ်တည်း ဆောင်ရွက်ခြင်း (Uniting for Peace) ခေါင်းစဉ်အောက်ကနေ လုံခြုံရေးကောင်စီကို ကျော်ပြီး (လုံခြုံရေးကောင်စီရဲ့ အတည်ပြုချက်မလိုဘဲ) ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။

၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃ ရက်နေ့၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် (United Nations General Assembly Resolution 377A) အရ အခုလို ဆုံးဖြတ်ပိုင်ခွင့် ရှိတာပါ။

ကမ္ဘာ့တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအပေါ် အရေးတကြီး ထိခိုက်တဲ့ ကိစ္စရပ် ပေါ်ပေါက်လာချိန်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဗီတိုအာဏာကြောင့် အရေးယူ ကိုင်တွယ်ဖြေရှင်းလို့မရ ဖြစ်နေခဲ့ရင် အရေးပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါ်ပြီး ဆုံးဖြတ် ကိုင်တွယ်ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။

ဒီလိုဆုံးဖြတ်ချက်မျိုးကို ကုလသမဂ္ဂသမိုင်းမှာ ၁၃ ကြိမ်အထိ ကျင့်သုံးဆောင်ရွက်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိပါတယ်။

နောက်ဆုံးအကြိမ်က ယူကရိန်းကို ရုရှားနိုင်ငံ ဝင်ရောက်ကျူးကျော်တဲ့ကိစ္စမှာ ရုရှားနိုင်ငံရဲ့ ဗီတိုအာဏာက ကန့်လန့်ခံနေတဲ့အတွက် အရေးပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါ်ပြီး ဆုံးဖြတ်ခဲ့တာပါ။

ငြိမ်းချမ်းရေးအတွက် တညီတညွတ်တည်း ဆောင်ရွက်ရေးဆိုင်ရာ ဆုံးဖြတ်ချက် (The Uniting for Peace Resolution) ကို ၁၃ ကြိမ် ချမှတ်ခဲ့ရာမှာ ၈ ကြိမ်ကို လုံခြုံရေးကောင်စီက ရယူကျင့်သုံးခဲ့တာဖြစ်ပြီး ၅ ကြိမ်ကို အထွေထွေညီလာခံက ရယူကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒီ ၁၃ ကြိမ်မှာ ၁၁ ကြိမ်က အရေးပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါ်ယူကျင်းပပြီး ဆုံးဖြတ်ခဲ့တာပါ။ ဆုံးဖြတ်တဲ့အခါ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံကျော်ရဲ့ ဆန္ဒမဲကို ရယူပြီး ဆုံးဖြတ်ရတာပါ။

ပြောလိုတာကတော့ စစ်ကောင်စီရဲ့ တရားမဝင်မှုကို တကမ္ဘာလုံး အတိုင်းအတာနဲ့ သိရှိနားလည်ပြီးဖြစ်လို့ နွေဦးတော်လှန်ရေး အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှိနေတာကို မီးမောင်းထိုး တင်ပြလိုတာပါ။

ရဲဝံ့လင်းယုန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013