
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှာ သြဂုတ် ၂၅ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ-ဝမ်ပေါင် ကုမ္ပဏီအတွင်းကနေ ပစ္စည်းတချို့ သယ်ယူဖို့အတွက် လမ်းလုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်က ကံကုန်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အခုလို မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
မီးလောင်ခဲ့တဲ့နေအိမ်ကို ကံကုန်းကျေးရွာအနီးမှာရှိတဲ့ အက်ဆစ်စက်ရုံက မီးသတ်ကားနဲ့ မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ အဲဒီနောက် ကံကုန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ် ဝင်ရောက်လာခဲ့ပြီး ဘုန်းကြီးကျောင်းတကျောင်းမှာ တပ်စွဲ ညအိပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီလို လမ်းလုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF အဖွဲ့တွေက မုံရွာ-ပုသိမ် ကားလမ်းပေါ် ယင်းမာပင်မြို့နယ်ဘက်ခြမ်းမှာ မနက် ၉ နာရီဝန်းကျင်က တကြိမ်၊ ဆားလင်းကြီးမြို့နယ်ဘက်ခြမ်းမှာ ၁၀ နာရီဝန်းကျင်က တကြိမ် စုစုပေါင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တယောက်ထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီအတွင်းကနေ မကြာခဏ ကြေးနီသယ်ယူတာတွေ ရှိခဲ့သလို အခု ဒီတကြိမ်သယ်ယူမှုကတော့ ယမ်းမှုန့်တွေ သယ်ဆောင်တာလို့ သိရပြီး အဲဒီလို သယ်ယူမှုပြုလုပ်တိုင်းလည်း မုံရွာ-ပုသိမ် ကားလမ်းတလျှောက် လုံခြုံရေးယူလေ့ရှိကာ သေနတ်ပစ်ဖောက်တာတွေလည်း ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးခဲ့ကြရတယ်လို့ ပြောပါတယ်။