
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်းနဲ့ ၄၂ လမ်းထောင့်ရှိ အမှတ် ၁၁ နယ်မြေစခန်းကို ဩဂုတ် ၂၅ ရက် နေ့လယ်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
သံပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်ဗုံးကို အမည်မသိ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ လာပစ်သွားတာဖြစ်ပြီး စခန်းရှိ ဘန်ကာအရှေ့မျက်နှာစာမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“ဗုံးထုခံရပြီး မကြာဘူး၊ သေနတ်သံတွေလည်း ကြားလိုက်ရတယ်။ ရဲတွေ ထိမိခိုက်မိတာတော့ မကြားဘူး” လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
လက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် ရဲစခန်းအနီး စျေးဆိုင်မှာ စျေးလာဝယ်သူ အမျိုးသားတယောက် မိုင်းစစင်ပြီး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်၊ ရဲ၊ စည်ပင်၊ ယာဉ်ထိန်းနဲ့ အရပ်ဝတ် လက်နက်ကိုင်တွေ နေရာအနှံ့ စစ်ဆေးတာတွေလုပ်နေပြီး စစ်ဆေးရာမှာလည်း ရွေ့လျားစစ်ဆေးတဲ့ပုံစံ လမ်းဆုံလမ်းခွတွေမှာ ရပ်တန့်စစ်ဆေးတယ်လို့ သိရပါတယ်။