DVB Logo
Home
မြန်မာသတင်း
ခမရ ၃၆၁ တပ်ရင်းမှူးက အမျိုးသမီးများကို အဓမ္မပြုကျင့်ဟု ထွက်ပြေးလာသည့် တပ်သားများ ပြော
DVB
·
August 25, 2022
ခမရ ၃၆၁ တပ်ရင်းမှူးက အမျိုးသမီးများကို အဓမ္မပြုကျင့်ဟု ထွက်ပြေးလာသည့် တပ်သားများ ပြော
Donate to DVB

စစ်ကောင်စီတပ် ခမရ ၃၆၁ တပ်ရင်းမှူးက စစ်ကိုင်း PDF အမျိုးသမီးခေါင်းဆောင်တယောက် အပါအဝင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့ကြောင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၄ ယောက်က ထုတ်ဖော်ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် စစ်ကိုင်း PDF ခရိုင်တပ်ရင်း ၃ အဖွဲ့က ဩဂုတ် ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်သား ၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီတပ်သား ၄ ယောက်ဟာ  ခမရ ၃၆၁ ကလေးတပ်ကဖြစ်ပြီး မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီက လေယာဉ်နဲ့လာချသွားတဲ့ တပ်သားတွေထဲက ဖြစ်ပါတယ်။

ရွာစဉ်လှည့်ပြီး အကြမ်းဖက်မှုတွေ ဆောင်ရွက်ဖို့ ခိုင်းစေခံရတုန်းမှာ မင်းကင်းမြို့နယ်နဲ့ ရေဦးမြို့နယ်တလျှောက် သူတို့တပ်ရင်းရဲ့ အကြမ်းဖက်မှုတွေကို နားမလည်နိုင်တော့တဲ့အတွက် ထွက်ပြေးနေတုန်းမှာ ဒေသခံ PDF တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာဖြစ်ပါတယ်။ 

သူတို့ရဲ့တပ်ရင်းမှူးတွေ ရွာစဉ်လှည့် အကြမ်းဖက်ဖို့ စေခိုင်းတုန်းမှာ မြင်ရတဲ့မြင်ကွင်းတွေကို မခံသာတဲ့အတွက် ထွက်ပြေးဖို့ ကြိုးစားကြတာလို့ လူငယ် ရဲဘော်တွေက ပြောပါတယ်။ 

အင်တာနက်ဖြတ်တောက်ခံရတာနဲ့ ဒေသခံ PDF နဲ့ ရွာသားတွေရဲ့လုံခြုံရေးအတွက် အခုဖြစ်စဉ်ကို ဩဂုတ်လ ၂၅ ရက်နေ့ကျမှ ထုတ်ပြန်တာလို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။

ခမရ ၃၆၁ တပ်သားတဦးက “အဲဒီတပ်ရင်းမှူးနာမည်က ဗိုလ်မှူးကျော်နိုင်၊ တောင်ငူသား၊ DSA အပတ်စဉ် ၄၇ က ဆင်းတာ။ ဘယ်ရွာရောက်ရောက် မိန်းကလေးတွေ့ရင် မုဒိမ်းကျင့်တာ။ သဇင်ချောင်းမှာ တခြားရွာကဖမ်းလာတဲ့ PDF မိန်းကလေးတွေကို အုပ်ချုပ်တဲ့ အစ်မကြီးကို မုဒိမ်းကျင့်တယ်” လို့ ပြောပါတယ်။

အောက်ခြေစစ်သားတွေ ထွက်ပြေးလာတာဟာ တပ်ရင်းခေါင်းဆောင်တွေရဲ့ မတရားတဲ့အမိန့် ဆိုတာကို သိလာတဲ့အတွက် ထွက်ပြေးတာဖြစ်တယ်လို့ စစ်ကိုင်း PDF ခရိုင်တပ်ရင်း ၃ အဖွဲ့ခေါင်းဆောင် တယောက်က ပြောပါတယ်။

စစ်ကောင်စီလမ်းကြောင်းဟာ ရေဦးမြို့နယ်ထဲကနေ ဩဂုတ် ၂၄ ရက်နေ့ ညနေပိုင်းမှာ ထွက်ခွာသွားပြီး တန့်ဆည်နယ်ဘက်ကို ဦးတည်တယ်လို့ ဆိုပါတယ်။ 

ဂျိုးဖြူ၊ စစ်ကိုင်း PDF ခရိုင်တပ်ရင်း ၃ အဖွဲ့က “ဒီကောင်တွေက သူတို့ကိုယ်တိုင် တပ်ရဲ့ ကြမ်းတမ်းမှုဒဏ်၊ နှိပ်စက်တဲ့ဒဏ်တွေကို ကြောက်ရွံ့လာပြီ။ သူတို့ရဲ့ဗျူဟာမှူးကလည်း သူတို့ကို ကြီးနိုင်ငယ်ညှဉ်း လုပ်တယ်။ နှိပ်စက်တယ်၊ ညှဉ်းပန်းတယ်။ စစ်ဆေးချက်တွေအရ သူတို့ရဲ့ဗိုလ်ကြီးက ပြည်သူတွေကို တော်တော်လေးနှိပ်စက်တယ်။ တွေ့တဲ့မိန်းမကို ပိုလီယိုတောင် မရှောင်ဘူး၊ စော်ကားတယ်၊ နှိပ်စက်တယ်လို့ ပြောတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရင်းဟာ မင်းကင်းမြို့နယ်ကို ချင်းတွင်းမြစ်ရိုးတလျှောက်နဲ့‌ လေကြောင်းကနေ နယ်မြေထိန်းချုပ်ဖို့ ဝင်ရောက်ခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ စစ်သားတွေရဲ့ အသက်အရွယ်ကို လေ့လာကြည့်တဲ့အခါမှာ ငယ်ရွယ်လွန်းတဲ့အရွယ်တွေ ဖြစ်နေပြီး ခြိမ်းခြောက်မှုကြောင့် မလွန်ဆန်နိုင်ဘဲ စေခိုင်းခံရသူတွေဖြစ်ကြောင်း ဒေသခံ PDF တွေက ပြောပါတယ်။ 

နောက်ထပ် ပြည်သူ့ရင်ခွင်ကိုခို လှုံမယ့် တပ်သားငယ်တွေနဲ့ အရာရှိတွေကို ကြိုဆိုပြီး လုံးဝအန္တရာယ်ပေးမှာမဟုတ်ဘူးလို့  စစ်ကိုင်း PDF ခရိုင်တပ်ရင်း ၃ အဖွဲ့က အတည်ပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013