DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လူထုသပိတ် အဖွဲ့ဝင်တဦးနှင့် ဓာတ်ပုံဆရာတဦးတို့ ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ
DVB
·
August 25, 2022
ရန်ကုန်လူထုသပိတ် အဖွဲ့ဝင်တဦးနှင့် ဓာတ်ပုံဆရာတဦးတို့ ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ
Donate to DVB

ရန်ကုန်လူထုအဖွဲ့ဝင်တယောက်နဲ့ အလွတ်တန်းဓာတ်ပုံဆရာတယောက်တို့ကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်ည ၁၀ နာရီခွဲလောက်က ရန်ကုန်လူထုအဖွဲ့ဝင်၊ SMVTI Vocational Training Institute က ကျောင်းသားတယောက်ကို တာမွေမြို့နယ်၊ ကျောက်မြောင်းလမ်းနဲ့ သုခလမ်းထောင့်နေအိမ်မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း အကြမ်းဖက် ခေါ်ဆောင်သွားခဲ့တာပါ။

အလားတူ တရက်တည်းမှာပဲ ည ၁၂ နာရီလောက်မှာ အလွတ်တန်းဓာတ်ပုံဆရာ ကိုစစ်မင်းနိုင်ကိုလည်း မရန်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ အလောင်းဘုရားလမ်းနဲ့ ၁၂ လမ်းထောင့် နေအိမ်မှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်း အကြမ်းဖက်ခေါ်ဆောင်သွားခဲ့ကာ သူနဲ့အတူ ကင်မရာ ၁ လုံး၊ Desktop ၂ လုံး၊ ဓာတ်ပုံလုပ်ငန်းသုံး ငွေသား ကျပ်သိန်း ၂၀ လောက်ကိုပါ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

သူတို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့က ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၄ နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက လုံခြုံရေးအထပ်ထပ်ချထားတဲ့ ရန်ကုန်မြို့​ရဲ့ အထင်ကရ နေရာ တွေမှာ '၈' လေးလုံးရေးဆွဲထားသော ထီးတွေနဲ့ သပိတ်ပြုလုပ်ရာမှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန် မြို့နယ်အသီးသီးက လူငယ်အများအပြားနဲ့ မိဘပြည်သူတွေကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဧည့်စာရင်းအကြောင်းပြ၊ စစ်တပ်ထောက်ခံသူ လော်ဘီတွေရဲ့ အရေးအသားတွေကြောင့် မတရားဖမ်းဆီးခံရမှုတွေ ကြုံတွေ့နေရတာကြောင့် မိဘပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ဖို့နဲ့ လူငယ်တွေ လာရောက်ခိုလှုံပါက ဝိုင်းဝန်းကူညီပေးကြဖို့လည်း ရန်ကုန်လူထုသပိတ် - Yangon People's Strike က နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

စစ်ကောင်စီကတော့ မြေပြင်တိုက်ပွဲတွေမှာလည်း အမျိုးသမီး၊ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို အင်အားသုံးဖြိုခွင်းတာတွေ ကျူးလွန်နေသလို ဆန္ဒပြသပိတ်ခေါင်းဆောင်တွေ၊ လူငယ်တွေကို ပါမချန် ဖမ်းဆီးနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေထိ ကျူးလွန်လာနေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၃၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၂၁၆ ယောက်ထိရှိပြီလို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၁၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၀၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013