DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များအတွက် အားစိုက်ကူညီရန် UNHCR တိုက်တွန်း
DVB
·
August 25, 2022
ရိုဟင်ဂျာဒုက္ခသည်များအတွက် အားစိုက်ကူညီရန် UNHCR တိုက်တွန်း
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ယာယီခိုလှုံနေကြတဲ့ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအရေး ငွေကြေးထောက်ပံ့မှုအပြင် သူတို့အတွက် အဆင်ပြေမယ့် နည်းလမ်းတွေကို ပိုပြီး အားစိုက်ကူညီကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပန်ကြားလိုက်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ရေးနဲ့ ကာကွယ်ရေးအပြင် ဒေသခံ လူ့အသိုင်းအဝိုင်းတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စုစုပေါင်းလူဦးရေ ၁ ဒသမ ၄ သန်းကျော်အတွက် လျာထားငွေ အမေရိကန်ဒေါ်လာ ၈၈၁ သန်းရှိပြီး အခုချိန်ထိ ရန်ပုံငွေ ၄၂၆ ဒသမ ၂ သန်းသာ ကောက်ခံရရှိထားပြီး စုစုပေါင်းလျာထားငွေရဲ့ ၄၉ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ UNHCR က ဆိုပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ဒေသကနေ မြန်မာစစ်တပ်ရဲ့ ဒုက္ခပေး နှိပ်ကွပ်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပဋိပက္ခ ၅ နှစ်ပြည့်ချိန်မှာ ကုသမဂ္ဂ ဒုက္ခသည်အေဂျင်စီက အခုလို တောင်းဆိုလိုက်တာပါ။

ထွက်ပြေးလာခဲ့သမျှ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေက အချိန်မဆိုင်း ကူညီခဲ့ရာကနေ အခုဆိုရင် ကော့ခ်ဘဇားက ဒုက္ခသည်စခန်းဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်လာခဲ့ပြီလို့ ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

၅ နှစ်တာကာလကို ကျော်ဖြတ်ခဲ့ပြီးတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာအများစုဟာ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြန်ကောင်းလာတဲ့အခါ နိုင်ငံသားဖြစ်ခွင့်ကိုလည်း လျှောက်ထားနိုင်ပြီး ဝင်ငွေရှာဖွေနိုင်တဲ့ အခြေအနေမျိုး ရှိမယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်လိုကြောင်း ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ နိုင်ငံမဲ့ ရိုဟင်ဂျာပေါင်း ၁ သန်းလောက်ဟာ ပြည့်ကျပ်နေတဲ့ အခြေအနေနဲ့ နေထိုင်နေရပြီး နေ့စဉ်ဘဝရှင်သန်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေါ်ကို လုံးဝမှီခိုနေရကြောင်း သိရပါတယ်။

အစာရေစာနဲ့ နေရာထိုင်ခင်း အဆင်မပြေမှုတွေကြောင့် တချို့ရိုဟင်ဂျာတွေက လှေတွေနဲ့ ပင်လယ်ကိုဖြတ်ပြီး အနာဂတ်အတွက် မသေချာတဲ့ စွန့်စားခန်းတွေကို ရွေးချယ်သွားကြတာလည်း ရှိပါတယ်။

အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေအပေါ် အနိုင်ကျင့် အကြမ်းဖက်ခံရတာတွေ ရှိနေပြီး လူမသိ သူမသိ အကြမ်းဖက်ခံရသူတွေအတွက် ဆေးဝါးအကူအညီ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုနဲ့ တခြားကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပညာရေး၊ ကျွမ်းကျင်မှုမြှင့်တင်ရေးနဲ့ အခြေခံအသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပြီး ဒီလိုကူညီပေးခြင်းအားဖြင့် နေရပ်မပြန်ခင် ဘင်္ဂလားဒေ့ရှ်မှာ ရှိနေစဉ် ဝင်ငွေရမယ့်အလုပ်တွေ ဆောင်ရွက်လာနိုင်မှာဖြစ်သလို ဘဝတွေလည်း ပိုမိုလုံခြုံလာစေမယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာကလေးငယ် ၁၀,၀၀၀ လောက်ကို မြန်မာစကားနဲ့သင်ကြားတဲ့ မြန်မာအတန်းစာတွေ သင်ကြားပေးနေသလို ရေရှည်သင်ကြားပေးနိုင်ရေးနဲ့ နောက်ထပ်အတန်းတွေ ထပ်တိုး ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပံ့ပိုးမှုတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

ရိုဟင်ဂျာလူငယ်တွေအတွက် ကျွမ်းကျင်မှုမြှင့်တင်ရေးနဲ့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးနိုင်ရေးအတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို UNHCR က ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013