DVB Logo
Home
Lead Story
ပရာရွတ်ရဲ့ နိဂုံးလား…
DVB
·
August 25, 2022
ပရာရွတ်ရဲ့ နိဂုံးလား…
Donate to DVB

၂၀၁၄၊ ဖေဖော်ဝါရီမှာ အလုပ်ကိစ္စတခုနဲ့ ဘန်ကောက်ရောက်ဖြစ်ခဲ့တော့ အဲဒီအချိန်က ဘန်ကောက်မှာ ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်း ဖြစ်နေတာကို အမှတ်ရမိတယ်။ ဘန်ကောက်မြို့လယ်ရဲ့ ဟိုနား ဒီနားမှာ ဆန္ဒပြအုပ်စုတွေ ရက်ဆက်ဆန္ဒပြနေကြတော့ သွားရလာရတာ အန္တရာယ်များပြီး သတိထားနေရတယ်။ သူတို့တတွေ ဆန္ဒပြပုံကလည်း စင်မြင့်ကြီးတွေဆောက်၊ သီချင်းတွေဆို၊ မိန့်ခွန်းတွေပြောနဲ့ ပျော်စရာကြီး။ ရှပ်နီတွေက တအုပ်စု။ ရှပ်ဝါတွေက တအုပ်စု။ ကိုယ်တွေက သူတို့နဲ့ဝေးရာ မြို့ပြင်ခပ်ကျကျ ဟိုတယ်မှာ တည်းရတာ။ တရက်မှာ မိတ်ဆွေ ကိုသက်ဇော်က ခေါ်လို့ မြို့ထဲက ဆူခွန်ဗစ်လမ်းသွယ်တခုကို သွားခဲ့ကြပြီး သူ့မိတ်ဆွေ ကိုဇော်မင်းရဲ့ အိမ်နောက် ပန်းခြုံတွေကြား ဝိုင်းဖွဲ့ခဲ့တာ ခုထိ မှတ်မိနေသေးတယ်။ အဲဒီချိန်က ဘန်ကောက်မြို့လယ်မှာ ရှပ်နီ ရှပ်ဝါ ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်းပဲ။ ဒါပေမဲ့ ကိုယ်တွေက ဘေးမသီရန်မခ အေးအေးဆေးဆေး ဝိုင်းဖွဲ့နိုင်ခဲ့တယ်။ ဆန္ဒပြတဲ့နေရာက သပ်သပ်။ မပြတဲ့နေရာတွေက အေးအေးဆေးဆေး အနေအထားမျိုးပါ။

ရှပ်နီ ရှပ်ဝါ ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကောင်းနေတဲ့ ဘန်ကောက်က ပြန်လာပြီးနောက် သုံးလလောက်ကြာတော့ အခြေအနေက အထွတ်အထိပ်ရောက်သွားပြီး မာရှယ်လော ကြေညာ။ နောက်တော့ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာက အာဏာသိမ်း။ ငြိမ်းချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကောင်စီဖွဲ့။ နောက်တော့ သူကိုယ်တိုင် ဝန်ကြီးချုပ်လုပ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့။ အသစ်ပြန်ရေးဆွဲဖို့ ပြင်ဆင်။

ထိုင်းမှာ စစ်တပ်က အာဏာသိမ်းတာ သိပ်တော့ မဆန်းတော့ပါဘူး။ ပရာရွတ် အာဏာသိမ်းတာ အပါအဝင် မှတ်တမ်းတင်ထားတဲ့ အာဏာသိမ်းမှုက ၁၂ ခု။ အခြားမှတ်တမ်းတွေအရတော့ အာဏာသိမ်းမှု ၁၈ ကြိမ်၊ ဖွဲ့စည်းပုံ ၁၈ ကြိမ် ပြင်ခဲ့တယ်လို့ ဆိုတယ်။

ထိုင်းမှာ အာဏာသိမ်းမှုတွေ ဖြစ်ခဲ့ပေမဲ့ ရုတ်ရုတ်သဲသဲ ပစ်ခတ်သတ်ဖြတ်တာတွေ၊ အသက်သေဆုံးမှုတွေ ကြီးကြီးမားမား မဖြစ်ခဲ့ဘဲ နောက်နေ့တွေကျတော့ ဈေးရောင်းသူရောင်း၊ ရုံးတက်သူတက် ပုံမှန်အတိုင်း လည်ပတ်နေတာပဲ။ တခုရှိတာက အာဏာသိမ်းစစ်တပ်ဟာ အစိုးရဖွဲ့စည်းပုံကို ဖျက်သိမ်းခြင်းမပြုဘဲ အုပ်ချုပ်ရေးကိစ္စ ပုံမှန်ဆက်လုပ်ခဲ့တာပဲဖြစ်တယ်။ အရာအားလုံးအပေါ်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့လို့ ထိုင်းအာဏာသိမ်းပွဲတွေဟာ သိမ်မွေ့တယ်လို့ ဆိုရမယ်။

မနေ့က (ဩဂုတ်-၂၄) တော့ ပရာရွတ် အာဏာသိမ်းတာ ရှစ်နှစ်ပြည့်သလို ဝန်ကြီးချုပ်တာဝန် ယူခဲ့တာလည်း ရှစ်နှစ်ပြည့်ခဲ့တယ်။ ဒီနှစ်ထဲ ပရာရွတ်မှာ အတိုက်အခံတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ လွှတ်တော်ထဲ အယုံအကြည်မရှိအဆို လေးကြိမ်တင်ခံရပြီး သီသီကလေး လွတ်ခဲ့တယ်။ ဒါပေမဲ့လည်း အတိုက်အခံများက ပရာရွတ်ကို ရာထူးကဆင်းပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြထားတဲ့ကိစ္စကို တရားရုံးက ဖတ်ကြားပြီးတဲ့နောက် တရားသူကြီးအားလုံးရဲ့ (၅) မဲ (၄) မဲ အဆုံးအဖြတ်နဲ့ ပရာရွတ်ကို ဝန်ကြီးချုပ်အဖြစ်က နားထားပေးဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် ပရာရွတ်ရဲ့ ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ဟာ မနေ့က ခေတ္တအဆုံးသတ်သွားပြီလို့ ဆိုရမယ်။

ခေတ္တလို့ ဆိုရတာက လာမယ့် ၁၅ ရက်အတွင်း ပရာရွတ်အနေနဲ့ သူရာထူးရယူထားမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်အတိုင်း ဖြစ်ပါတယ် ဆိုတာကို ခုံရုံးကို ပြန်လျှောက်ထားရမှာဖြစ်ပြီး ခုံရုံးက သူ့လျှောက်လဲချက်ဟာ ဥပဒေနဲ့ညီတယ်ဆိုရင် ဝန်ကြီးချုပ်တာဝန်ကို ဆက်ယူခွင့်ရမှာပါ။

အဖြစ်က ဒီလိုပါ။ အတိုက်အခံတွေက ပရာရွတ် အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန်ယူခဲ့တာ ၈ နှစ်ပြည့်ပြီဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အနားယူရတော့မယ်လို့ ဆိုတယ်။ ပရာရွတ်ကတော့ သူ့သက်တမ်းဟာ ၂၀၁၉ ရွေးကောက်ပွဲက စတင်တာဖြစ်လို့ သက်တမ်းမပြည့်သေးဘူးလို့ ဆိုတယ်။ နောက်တခုက ပရာရွတ်တို့က သူတို့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး စတင်ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၇ ကနေ ရေတွက်တာဖြစ်တယ်။ အဲဒီလိုသာ ရေတွက်ရင် ပရာရွတ်အနေနဲ့ ၂၀၂၇ အထိ အာဏာရယူထားနိုင်တဲ့ အခြေအနေမျိုး။ တခုရှိတာက ပရာရွတ်ရဲ့ ကိုဗစ်ကပ်ဘေးနဲ့ စီးပွားရေးကိုင်တွယ်ပုံတွေကို သဘောမကျသူတွေ သူ့ပါတီထဲမှာကိုက များလာပြီး လာမယ့် မတ်လမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲမှာလည်း အခြေအနေ မကောင်းနိုင်တာပဲ။

ထိုင်းနိုင်ငံရေးက ဒီအတိုင်း ဖြစ်တည်လာခဲ့တာ ကြာပါပြီ။ ထိုင်းမှာလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရတွေ သက်ဆိုးမရှည်ကြဘူး။ ပရာရွတ် အာဏာသိမ်းခဲ့တာဟာလည်း ဘုရင့်အလိုကျအတိုင်း ဒီမိုကရေစီဘက်တော်သားတွေ အသာစီးမရအောင် ဟန့်တားခဲ့တာပဲ။ သူတို့ဆီမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်က အင်မတန်အရေးပါပြီး လိုက်နာကြရတယ်။ ဒီခုံရုံးကလည်း ဘုရင့်ဘက်ယိမ်းတဲ့သဘောရှိပြီး အခု ပရာရွတ်ကို ရာထူးက ဆိုင်းငံ့လိုက်တဲ့အပေါ်မှာတော့ အံ့အားသင့်စရာ ဖြစ်ခဲ့တယ်။

အမှန်တော့ ပရာရွတ်က အာဏာသိမ်းပြီးကတည်းက သူ့စိတ်ကြိုက် ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲအသစ် ကျင်းပပြီး လွှတ်တော်ထဲ ဘုရင့်ဘက်တော်သားတွေ အမြဲအသာရနေဖို့ ကြိုးပမ်းခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ရွေးကောက်ပွဲဆိုရင် အငြင်းပွားစရာ အများကြီး ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ပရာရွတ်ပဲ ဝန်ကြီးချုပ်အာဏာ ရယူနိုင်ခဲ့တယ်။

ထိုင်းနိုင်ငံရေးမှာ စစ်တပ်က လွှမ်းမိုးမှုတွေ ရှိခဲ့ပေမဲ့ အာဏာတကြိမ်သိမ်းတိုင်း တိုင်းပြည်က ပျက်မသွားဘဲ အစိုးရအဖွဲ့ရဲ့ ယန္တရားတွေ မပျက်မစီး လည်ပတ်နေတာပဲ။ ပရာရွတ်နဲ့ ပတ်သက်ပြီး ပြောကြ ရေးကြတာတော့ အများကြီးပါ။ သူက သီချင်းလည်းရေး၊ ကဗျာလည်းစပ်။ ဂျာနယ်လစ်တွေနဲ့ အဆင်ပြေအောင်လည်း ပေါင်းသင်းတတ်တယ်ဆိုပဲ။ သူ ဝန်ကြီးချုပ်နေရာ ဆက်မြဲ၊ မမြဲ စောင့်ကြည့်ရဦးမှာပါ။

ချစ်ဝင်းမောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013