DVB Logo
Home
မြန်မာသတင်း
ထီးလင်းနှင့် မြိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်တပ်များ သေဆုံးဒဏ်ရာရ၊ စစ်တပ်က ရွာမီးရှို့
DVB
·
August 25, 2022
ထီးလင်းနှင့် မြိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်တပ်များ သေဆုံးဒဏ်ရာရ၊ စစ်တပ်က ရွာမီးရှို့
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ သြဂုတ် ၂၄ ရက်မနက်က စစ်ကောင်စီတပ် စစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ YDF-ထီးလင်းကနေ သိရပါတယ်။

ထီးလင်းမြို့နယ် ရွှေခုံတိုင်ကျေးရွာမှာ ညအိပ်ရပ်နားကာ ရွာသား ငါးယောက်လောက်ကို ကြိုးတုပ်ညှဉ်းပန်းနှိပ်စက်ပြီး မနေ့မနက် ၆ နာရီခွဲလောက်မှာ ထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကို လမ်းကနေစောင့်ကြိုပြီး ချုံခိုတိုက်ခိုက်ခဲ့တာလို့ YDF ရဲ့ ဗျူဟာမှူး သခင်ဇော်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ တမိုင်ခွဲလောက်ပဲ ကွာတဲ့ခရီးကို မနက် ၈ နာရီ ၉ နာရီလောက်ကတည်းက ညနေ ၃ နာရီလောက်အချိန်ထိ ကြာမြင့်အောင်သွားရတယ်ဆိုတော့ သူတို့ကြားထဲမှာ ဒဏ်ရာရသူတွေကို ဆေးကုသနေတာဖြစ်မယ်။ ပဇင်းချောင်ကျေးရွာကိုဝင်တဲ့ အချိန်မှာလည်း လူနာ လေးယောက်ကို ထမ်းစင်နဲ့ ထမ်းသွားတာ တွေ့ရတယ်။”

တိုက်ပွဲမှာ YDF တပ်ရင်း(၇၊၈)က ရဲဘော်တွေကတော့ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။ မနေ့က ရွှေဂုံတိုင်ရွာမှာ ဖမ်းဆီးနှိပ်စက်ခံရတဲ့အထဲက တယောက်ကတော့ လည်ပင်းကို ဓားနဲ့ လှီးပြီး စစ်ဆေးခံရလို့ အသက်ကို မနည်းလုယူလိုက်ရပြီး YDF က ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း သြဂုတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့သလို PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၆ ယောက် ကျဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိတဲ့အပြင် ကျေးရွာ နှစ်ရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ God of Myaing-PDF နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်ဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သြဂုတ် ၂၂ ရက် ညနေ ၄ နာရီခွဲလောက်က သဒွတ်ရွာနားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ GOM-PDF ရဲ့ ​ခေါင်းဆောင်ဗိုလ်စပ်ဖြီးက ပြောပါတယ်။

“ရှေ့ကနေ တက်လာတဲ့ စစ်(...) အယောက် ၃၀ လောက် သတ်ကွင်းထဲ ဝင်တဲ့အချိန်မှာ ကျနော်တို့ဘက်က လက်နက်ငယ်တွေနဲ့ တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်(...) ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး သူတို့ဘက်က နောက်ကနေ လိုက်လာတဲ့အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။”

အဲဒီနေ့ ညနေမှာ စစ်တပ်က သဒွတ်ရွာကို မီးရှို့ပြီး ညအိပ်စခန်းချကာ မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ပြီးရွာကထွက်လာတဲ့ စစ်ကြောင်းကို သြဂုတ်လ ၂၃ ရက် မနက် ၁၀ နာရီလောက်က ပေါက်ခေါင်းရွာဘက်ကို ထွက်တဲ့အချိန် ဆိုင်ကယ်စီးလာတဲ့ PDF ရဲဘော် ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး တစ်ယောက် ကျည်ဆန်ထိမှန်ဒဏ်ရကာ ဆိုင်ကယ်နဲ့အတူ အရှင်လတ်လတ် မီးရှို့အသတ်ခံရကာ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဗိုလ်စပ်ဖြီးက ပြောပါတယ်။

“အဲဒီနေရာမှာ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာပဲ စစ်(...)တွေနဲ့ ထပ်ပြီးထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကျနော်တို့ဘက်က ရဲဘော် ငါးယောက် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူလိုက်ရပြီး ခုနစ်ယောက် ဒဏ်ရာရရှိခဲ့တယ်။  နှစ်နာရီလောက်ကြာအောင် တိုက်ပွဲဖြစ်ပွားတာ စစ်(...) တွေဘက် သုံးယောက်လောက် သေဆုံးခဲ့တယ်။ အဲဒီတိုက်ပွဲဖြစ်ပွားပြီးတော့ စစ်(...)တွေဟာ ပေါက်ခေါင်းရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။”

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို သီးခြာအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ သဒွတ်ရွာနားမှာ လူနေအိမ်ခြေ ၇၀/၈၀ လောက် မီးလောင်ဆုံးရှုံးခဲ့သလို အဆိုပါရွာအနီးမှာရှိတဲ့ ပေါက်ခေါင်းရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ သဒွတ်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

“အဲဒီ စစ်(...)တွေက ကျနော်တို့ရွာ တောင်ဘက်မှာရှိတဲ့ ပေါက်ခေါင်းရွာကိုလည်း သြဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ မီးရှို့ ဖျက်ဆီးခဲ့ကြလို့ အိမ်ခြေ ၇၀ လောက် မီးလောင်ကျွမ်းခဲ့တယ် စစ်(...)တွေ စစ်ကြောင်းထိုးလာတယ်လို့ သတင်းကြားတော့ လှည်းနွားတွေလည်း မယူနိုင်ဘူး၊ အိမ်မွေးတိရစ္ဆာန်တွေရော ပစ္စည်းတွေပါ ထားခဲ့ပြီး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ တောတောင်ထဲတွေကို အသက်လုပြီး ထွက်ပြေးခဲ့ကြရတာ။ စစ်(...)တွေက အိမ်တွေကို မီးရှို့ရုံတင်မကဘူး၊ နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူကြသလို ပြည်သူတွေရဲ့ ကောက်ပဲသီးနှံတွေနဲ့ စားနပ်ရိက္ခာတွေကိုပါ မီးရှို့ ဖျက်ဆီးသွားတယ်။”

မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာနေ ပြည်သူတွေကတော့ နေစရာအိမ်မရှိတော့လို့ ဆွေမျိုးတွေဆီမှာ ကပ်နေကြရသလို တချို့လည်း ရွာတွေကို ပြန်မရောက်ကြသေးဘဲ ကာကွယ်ရေးတပ်တွေကတော့ မီးဘေးသင့်နေအိမ်တွေကို သန့်ရှင်းရေးတွေ လိုက်လုပ်ပေးတယ်လို့ ဆိုပါတယ်။

မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အမိုးအကာ၊ စောင် ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူညီလိုအပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013