DVB Logo
Home
မြန်မာသတင်း
မြင်းမူနှင့် ဗန်းမောက်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ၊ ကနီတိုက်ပွဲ၌ PDF ရဲဘော်တဦး ကျဆုံး
DVB
·
August 24, 2022
မြင်းမူနှင့် ဗန်းမောက်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ၊ ကနီတိုက်ပွဲ၌ PDF ရဲဘော်တဦး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဘက်ကနေ မုံရွာဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဩဂုတ် ၂၄ ရက် မနက် ၄ နာရီ ၁၅ မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းမူမြို့ရှောင်လမ်းတနေရာကနေ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက “စ(--) လာတဲ့သတင်း သိရတာက နောက်ကျသွားလို့ ကျနော်တို့ဘက်က မိုင်းခင်းတာ စိတ်တိုင်းကျ မလုပ်နိုင်ခဲ့လို့ ဒီကောင်တွေ သက်သာသွားတယ်လို့ ပြောရမယ်။ အခုဟာက ပဒေသာမိုင်း ၅ လုံးနဲ့ စစ်ကောင်စီ နောက်ဆုံးကားကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်။ မိုင်းကွင်းနဲ့ မလှမ်းမကမ်းမှာ ကားက ထိုးရပ်သွားတယ်။ ညအချိန်ဆိုတော့ ‌စ(--)အသေစာရင်းကတော့ မမြင်ခဲ့ရတော့ အတိအကျ မပြောနိုင်ဘူးဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်တဲ့ အဖွဲ့တွေကတော့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ZERO Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း)၊ နွေဦးရဲဘော်အဖွဲ့များမှ ‘တောကျီးကန်းစစ်ဆင်ရေး’ ကို ဂုဏ်ပြုတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။

အရင်တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ကားတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မုံရွာ-စစ်ကိုင်းသွား ကားလမ်းမပေါ်မှာ အခုလို မိုင်းဆွဲတိုက်ခိုက်တာတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် စက်တောရွာအနီး စိန်ဖြူတောင်ဘုရားတောင်ခြေမှာလည်း ဒီနေ့ညနေ ၅ နာရီက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာအနောက်ဘက်ကနေ ဗန်းမောက်မြို့တွင်းဘက် ဆင်းလာရာမှာ ဗန်းမောက် PDF တပ်က မိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံး ဒဏ်ရာရတာ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မိုင်းခွဲတိုက်ခိုက်ခံရတာဖြစ်တဲ့အတွက် အထိအခိုက် အကျအဆုံး များနိုင်တယ်။ စစ်ကောင်စီတပ်သားတွေက အဲဒီနားပြန်ဆင်းလာတယ်။ သွားလိုက်ပြန်လိုက် လုပ်နေတယ်” လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ နေရာအနှံ့ဆိုသလို မြို့၊ ရွာတွေမှာ ဖြစ်နေတာကြောင့် ဒေသခံတွေ တခြားနယ်တွေကို စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့အနောက်ဘက် မံစီကြီးရွာ၊ အရှေ့ကုန်းကျေးရွာနားတဝိုက်မှာ ရှမ်းနီတပ်မတော် (SNA) နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်တာရှိတဲ့အပြင် ဗန်းမောက်မြို့နားတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ တိုက်ပွဲဆက်နေကြပါတယ်။

ဗန်းမောက်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက နေ့ညမရွေး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် မြို့တွင်းနေအိမ်ပေါ် လက်နက်ကြီးကျည်တွေ ကျရောက်တာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် ၂၉ မိုင်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီနေ့မနက် ၈ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပေါက်အင်းဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ ယင်းမာပင်မြို့နယ် မုံတိုင်ပင်ရွာကနေ ထွက်လာပြီး ကပိုင်ရွာ၊ က/သီးကုန်းရွာဘက်ကနေ ကနီမြို့နယ် ကြပ်ကျေးရွာကိုဖြတ်ပြီး ၃၁ မိုင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဖြစ်ပါတယ်။

ဒေသခံရွာသားတယောက်က “၃၁ မိုင်ကနေ ၂၉ မိုင်‌အောက်ဘက် ပြန်ဆင်းလာတယ်လို့ ပြောရမယ်ဗျ။ အထက်ကိုတက်ရင် ကလေးမြို့ဘက် ရောက်တယ်။ အခုဟာက မုံရွာဘက် ပြန်တဲ့လမ်းပေါ့။ အဲ့ ၂၉ မိုင်မှာ တိုက်ပွဲဖြစ်ကြတာပဲ။ သေနတ်သံတွေကတော့ ဆူညံနေတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး B21 တာဝန်ရှိသူ ဦးပန်က “ကျနော့်တပ်က ရဲဘော် ကလေးတယောက် ကျဆုံးတယ်။ ရွှေတြိဂံအဖွဲ့က ရဲဘော်တဦး လက်မောင်းဒဏ်ရာ ရခဲ့တယ်။ ကျနော်တို့ B21 တပ်က ကားတစီးနဲ့ ကားပေါ်မှာပါတဲ့ လက်နက်ကြီးတွေလည်း ဆုံးရှုံးခဲ့ရတယ်။ အခု ရဲ‌ေဘာ်လေး ဆုံးရှုံးခဲ့ရတာဟာ ကျနော်တို့ဘက်က ရဲဘော်ရှိပြီး လက်နက်မရှိလို့ အခုလို ဆုံးရှုံးရတာဗျ။ လက်နက်၊ ကျည် ပြည့်စုံအောင်သာ ပေးပါ။ ကျနော်တို့ဘက်က အသက်ပေး တိုက်ပွဲဝင်ပါမယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် ၂၈ မိုင်မှ ဗောဓိမြိုင်ကျောင်းနဲ့ အနီးနားရှိ အဆောက်အဦတွေမှာ တပ်ဆွဲထားကာ ဒေသခံ ကာကွယ်ရေးတပ်နဲ့ စစ်ရေးတင်းမာနေဆဲပဲလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ၂၇ မိုင်၊ ၂၆ မိုင်၊ အောင်မင်္ဂလာရွာ၊ ချောင်းမရွာဘက် စစ်ကြောင်းဦးတည်နေတာကြောင့် ဒေသခံတွေ ‌စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013