
ရန်ကုန်မြို့၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် တန်ပိုစစ်ဆေးရေးဂိတ်မှာ သြဂုတ် ၂၄ ရက် နေ့လယ်တနာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၃ ရပ်ကွက် ရန်ကုန်-ညောင်တုန်းလမ်းဘေး တန်ပိုစစ်ဆေးရေးဂိတ်အနီးမှာ ဒီကနေ့ နေ့လယ် တနာရီက ဗုံးပေါက်ကွဲခဲ့တာလို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“အုံးကနဲအသံတော့ ကြားတယ်၊ နှစ်လုံးပေါက်တာ။ အဲဒီစစ်ဆေးရေးဂိတ်မှာ ရဲတွေရော စစ်သားတွေရော အမြဲရှိတာ၊ သူတို့တွေ ထိလား မထိလားတော့ မသိဘူး၊ အခုတော့ စစ်နေတယ် ကားတွေကို။”
တန်ပိုစစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲခဲ့တာ မှန်ကန်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဆီ သတင်းဝင်တာတော့ ဗုံးတကြိမ်ပေါက်တယ်၊ ဒဏ်ရာရတဲ့သူမရှိဘူး။ နောက်တလုံးက ဘယ်မှာပေါက်လဲတော့ မသိဘူး။”
လတ်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ တန်ပိုစစ်ဆေးရေးဂိတ်နဲ့ အနီးတဝိုက်မှာ ကားတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။