DVB Logo
Home
မြန်မာသတင်း
တောင်သူဘဝမြှင့်တင်ရေး စစ်ခေါင်းဆောင် မျှော်မှန်းချက် အသိဉာဏ်နည်းသည့်လုပ်ရပ်ဟု လေ့လာသူများ သုံးသပ်
DVB
·
August 24, 2022
တောင်သူဘဝမြှင့်တင်ရေး စစ်ခေါင်းဆောင် မျှော်မှန်းချက် အသိဉာဏ်နည်းသည့်လုပ်ရပ်ဟု လေ့လာသူများ သုံးသပ်
Donate to DVB

ငွေကြေးပံ့ပိုးပြီး တောင်သူတွေရဲ့ဘဝကို မြှင့်တင်ပေးနိုင်မည်လို့ ယုံကြည်နေတဲ့ စစ်ကောင်စီခေါင်းဆောင်၏ မျှော်လင့်ချက်က အသိဉာဏ်နည်းတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ မူဝါဒရေးရာ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့လက်အောက်ခံ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး စီးပွားရေးကဏ္ဍ မြှင့်တင်ရေးအတွက် ကျပ်ငွေဘီလီယံ ၄၀၀ ကျော်ကို စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ သုံးစွဲမယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ဒါတွေက တောင်သူတွေရဲ့ တကယ့်ဘဝ မြှင့်တင်ရေးကို အများကြီး အထောက်အကူ ပေးမယ်။ ကျနော်ကတော့ အောင်မြင်အောင် လုပ်ပေးလိုက်တာ။ အမှန်ကတော့ ဒါ Force တခုထည့်ပေးလိုက်တာ။ အားဆေးပေါ့ဗျာ။ ဆေးစကား ပြောရင်တော့ Booster ထိုးပေးလိုက်တာ။” 

ဒါပေမဲ့ စစ်ကောင်စီ မျှော်လင့်ထားသလို ဖြစ်လာဖို့က ငွေကြေး တခုတည်းနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ဘူးလို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

မူဝါဒရေးရာ သုတေသီတဦးက “ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက နိုင်ငံတည်ငြိမ်ဖို့က အဓိကလို့ ဆိုကြတာလေ။ ဒီအဖြေက ငြင်းစရာ မလိုတဲ့ အဖြေနော်။ အခုဟာက နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့အတွက် ပြောရရင် ဘာစီမံကိန်းပဲလုပ်လုပ် ဘာပရောဂျက်ပဲလုပ်လုပ် မလွယ်ဘူး။ ဆိုတော့ နိုင်ငံရေး ပြဿနာကို အရင်ဆုံး မဖြေရှင်းဘဲနဲ့ ဘာမျှလုပ်လို့ မအောင်မြင်ဘူး။ ဒီတော့ ငွေကြေး ထောက်ပံ့ပေးတာ၊ ပိုက်ဆံချေးပေးတာလောက်နဲ့ မရနိုင်ဘူး။ အောင်မြင်ဖို့ဆိုတာက အဲ့ဒေသဟာ တည်ငြိမ်ရမယ်။  ပရောဂျက်တွေ လုပ်ဖို့ ဆိုတာကလည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိဖို့လိုတယ်။ ပြီးတော့ တကယ့်ကို သုသေတနလုပ်ထားတဲ့ဟာလည်း ဖြစ်ဖို့ လိုတယ်။ တချို့ဟာတွေဆိုရင် ကိုယ့်ပြည်တွင်းမှာ သုတေသနလုပ်တာ မဟုတ်ပဲ နိုင်ငံခြားကဟာကို ပုံတူကူးချပြီးလုပ်ထားတဲ့ သုတေသနတွေ တွေ့နေရတယ်။ ဒီတော့ အဖွဲ့အစည်းကြီး တခုလုံးမှာရှိတဲ့ လူတွေအားလုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တဲ့ ပေါ်လစီ ပါမလာတာ တွေ့ရတယ်။ အဲ့ဒါတွေကြောင့် မအောင်မြင်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ ခေါင်းဆောင်ကတော့ နိုင်ငံတော်မှ စိုက်ထုတ်ပေးတဲ့ငွေကို အကျိုးအမြတ်ရှိအောင် လုပ်ဖို့နဲ့ ချေးငွေ ပြန်ဆပ်ရမယ့်ပုံစံကို အခုလို ရှင်းလင်းခဲ့ပါတယ်။

“ကျနော်တို့က ဒီအပေါ်မှာ နိုင်ငံတော်က ငွေစိုက်ထုတ်ပေးလိုက်တာ။ ဒီငွေစိုက်ပေးပြီး ဒီငွေကိုပဲ အကျိုးအမြတ် ရှိအောင် လုပ်ပြီးရင် ဒါကို ပြန်ဆပ်။ ပြီးရင် ချေးငွေယူထားတဲ့သူက အဲ့ထဲက ၂၅ ရာခိုင်နှုန်း ပြန်ဆပ်၊ ကျန်  ၇၅ ရာခိုင်နှုန်းကို ယူထား။ သူကတော့ အကျိုးအမြတ် စားပေါ့။ ပြီးရင် နောက် တသီး ကျလို့ ရှိရင် သူက ၂၅ ရာခိုင်နှုန်း ပြန်ဆပ်။ ၇၅ ရာခိုင်နှုန်း သူစား။ အဲ့ဒီ့တော့ ၄ သီးစားပြီးလို့ ရှိရင် သူရဲ့ အကြွေးတွေ အကုန် ကြေသွားမယ်။ ဒီလို ကျနော် မျှော်မှန်းပြီး လုပ်ပေးတာပါ။ ဒါကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနများရော ပြည်နယ် နဲ့ တိုင်းဝန်ကြီးချုပ်များရော ပြည်နယ်ဦးစီးအဖွဲ့များရော ဒါတွေကို မှန်မှန်ကန်ကန်နဲ့ အောင်မြင်မှု ရှိအောင် လုပ်ပေးကြဖို့ ကျနော်ပြောလိုပါတယ်။” 

လယ်ယာမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့နေရာမှာ လယ်ယာကဏ္ဍ တခုတည်းကိုသာ ကွက်ပြီး ဆောင်ရွက်လို့မရတဲ့အကြောင်း စိုက်ပျိုးရေးသုတေသီတဦးက မှတ်ချက်ပေးပါတယ်။

“လယ်ယာမြေ ဆိုရင်လည်း လယ်ယာမြေတခုတည်း ကြည့်နေလို့ မရဘူးဗျ။ ကွင်းဆက်တွေ အကုန်လုံးပါဖို့ လိုတယ်။ အဲဒီကွင်းဆက်တွေ အကုန်လုံးကလည်း မျှတဖို့ လိုတယ်နော်။ ပြီးတော့ မြန်မာပြည်က လယ်သမားတွေ မဖွံ့ဖြိုးရတဲ့ အချက်တချက်က လယ်သမားက ၁၀ နဲ့ ရောင်းလိုက်တယ်။ ဒါပေမဲ့ နိုင်ငံခြားရောက်တော့ ၁၀၀ ဖြစ်သွားတယ်။ မြတ်တဲ့ဟာက ကြားထဲကသူတွေက မြတ်နေတာလေ။ ဆိုတော့ ဒါဟာ ဒီထဲက ကွင်းဆက် (Food Chain) တွေကို နည်းသွားအောင် ဥပမာ- ၂ ခု၊  ၃ ခု လောက်နဲ့ ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပေါ်လစီပါ ထည့် ဆွဲဖို့ လိုတယ်။ အဲဒါတွေလုပ်နိုင်ရင်တော့ အောင်မြင်မှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်က အာဆီယံမှာ မြန်မာ အပါအဝင် ထိုင်းနဲ့ ဗီယက်နမ်တို့က ဆန် အဓိကတင်ပို့တဲ့ နိုင်ငံတွေဖြစ်ပြီး FAO အစီရင်ခံစာအရ မြန်မာက စပါးစိုက်ဧက ဟက်တာ ၆ ဒသမ ၆၅ သန်း၊ ထိုင်းက ၁၀ ဒသမ ၄ သန်း နဲ့ ဗီယက်နမ်က ၇ ဒသမ ၂ သန်း ရှိတဲ့အနက် အထွက်နှုန်းအရ မြန်မာက တင်းပေါင်း ၂၅ သန်း၊ ထိုင်းက သန်း ၃၀ နဲ့ ဗီယက်နမ် က ၄၂ ဒသမ ၇၅ သန်း ထွက်ရှိတာကြောင့် မိမိတို့နိုင်ငံအနေဖြင့် နွေစပါးကို ၁ ဧက တင်း ၁၀၀ နှုန်း နဲ့အတူ မိုးစပါးကိုလည်း ၁ ဧက တင်း ၈၀ နှုန်း ထွက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာသို့ ပိုမိုတင်ပို့ရောင်း ချနိုင်မည် ဖြစ်ကာ တိုင်းပြည် ဝင်ငွေ တိုးလာပြီး တောင်သူတွေလည်း များစွာ အကျိုးရှိမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာပြည်အလယ်ပိုင်း နဲ့ အထက်ပိုင်းဒေသတွေမှာ နယ်မြေ မအေးချမ်းတဲ့အတွက် တောင်သူတွေဟာ လယ်ယာစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါကြောင့်ပဲ လာမည့်နှစ်မှာ စိုက်ပျိုးထုတ်လုပ်မှု က ကျဆင်းမှုနဲ့အတူ စားနပ်ရိက္ခာမဖူလုံတဲ့ ပြဿနာတွေကို ပြည်သူတွေဟာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013