DVB Logo
Home
မြန်မာသတင်း
မှေးမှိန်နေသော ဥပဒေလမ်းကြောင်းနှင့် အမျိုးသမီးအရေး စကားဝိုင်း ကျင်းပ
DVB
·
August 24, 2022
မှေးမှိန်နေသော ဥပဒေလမ်းကြောင်းနှင့် အမျိုးသမီးအရေး စကားဝိုင်း ကျင်းပ
Donate to DVB

“မှေးမှိန်နေသော ဉပဒေလမ်းကြောင်းနှင့် အမျိုးသမီးအရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ စကားဝိုင်းကို ဩဂုတ် ၂၄ ရက် ထိုင်းစံတော်ချိန် မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ပါတယ်။

အဆိုပါစကားဝိုင်းကို မြန်မာ့အမျိုးသမီးသမဂ္ဂ- BURMESE WOMEN'S UNION က ဦးဆောင်ကျင်းပခဲ့ပြီး တိုက်ရိုက် Live ထုတ်လွှင့် ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးစံက ဦးဆောင်ခဲ့ပြီး အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒေါ်မေစံပယ်ဖြူနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးကွန်ရက် တည်ထောင်သူ မဝေဝေနုတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

‘နိုင်ငံတခုအပေါ်မှာ ဥပဒေဟာ နိုင်ငံသားအားလုံးအတွက် သာတူညီမျှမှုရှိအောင်၊ ငြိမ်းငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်အောင်၊ တဦးချင်းဆီရဲ့ အခွင့်အရေးနဲ့ အများဆိုင်ရာ အခွင့်အရေးတွေကို တရားဝင်ရရှိအောင်၊ လူ့အသိုင်းအဝိုင်းရဲ့ လူမှုတန်ဖိုးကို ဖော်ထုတ်ပေးထားတာဖြစ်တယ်’ ဆိုတဲ့ အချက်အလက်တွေအောက်က မတူညီတဲ့ မေးခွန်းတွေနဲ့ ပဋိပက္ခကာလအလွန် မြန်မာနိုင်ငံရဲ့ ဥပဒေမူတွေ ပြန်လည်ပြန်ဆင်ရေးဆွဲမှုမှာ အမျိုးသမီးတွေအတွက် ကာကွယ်ပေးမယ့် ဥပဒေမူကြမ်းတွေနဲ့ အမျိုးသမီးဆိုင်ရာ အခွင့်အလမ်းတွေ ဘယ်လိုတင်သွင်းနိုင်မလဲဆိုတဲ့ ခေါင်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူညီမျှ လူ့အခွင့်အရေး ရရှိဖို့ကို ဆယ်စုနှစ်တခုကြာ ကြိုးပမ်းခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်က ဆီဒေါလို့ခေါ်တဲ့ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေး နိုင်ငံတကာ သဘောတူညီမှုစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အတွင်း အလုံးစုံခွဲခြားဆက်ဆံမှုပပျောက်ရေး၊ တန်းတူညီမျှရေး၊ အစိုးရတွေရဲ့ လုပ်ငန်းတာဝန်ဆိုတဲ့ သဘောတူညီချက် ၃ ခုကို ထားရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာအမျိုးသမီးတွေဟာ ဆယ်စုနှစ်တခုကြာ ကြိုးပမ်းခဲ့ရတဲ့ အမျိုးသမီးအခွင့်အရေးတွေနဲ့ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတာကြောင့် ပဋိပက္ခအလွန် မြန်မာ့ဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ ဥပဒေအကာအကွယ်ရရှိဖို့လည်း ဆွေးနွေးပွဲ စကားဝိုင်းတွေနဲ့ လူထုကမ်ပိန်းတွေကဆင့် ကြိုးပမ်းနေကြပါတယ်။

“ကောင်းမွန်တဲ့ ဥပဒေနဲ့ လူ့အခွင့်ရေးဆိုင်ရာ အချက်တွေ ရှိနေပေမဲ့ ဥပဒေရဲ့အထက်မှာ တခုခုခံနေမယ်ဆိုရင် နိုင်ငံတခုရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာဟာ ရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေရဲ့အထက်မှာ ဘယ်သူမှရှိမနေဖို့ဟာ အရေးကြီးတဲ့ကိစ္စရပ်တခုဖြစ်တယ်” လို့ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒေါ်မေစံပယ်ဖြူက ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာအမျိုးသမီးတွေဟာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးဆိုင်ရာ ရပိုင်ခွင့် အခွင့်အရေးတွေ အများဆုံး ချိုးဖောက်ခံ​နေရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အထိ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၁၀၄ ယောက် အပါအဝင် လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲ စုစုပေါင်း ၂,၃၅၁ ယောက်နဲ့ ပြည်လည်လွတ်မြောက်လာသူ အမျိုးသမီး စုစုပေါင်း ၇၄၄ ဦး ရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013