DVB Logo
Home
Lead Story
ယမ်းပုံကြီးပေါ် အာဏာတည် စစ်ဂျလေဘီတို့ ကျူးလွန်နေတဲ့ အခြေခံလူ့အခွင့်အရေးများ
DVB
·
August 23, 2022
ယမ်းပုံကြီးပေါ် အာဏာတည် စစ်ဂျလေဘီတို့ ကျူးလွန်နေတဲ့ အခြေခံလူ့အခွင့်အရေးများ
Donate to DVB

လူ့ဘဝရဲ့ အခြေခံအကျဆုံး အသက်ရှင်သန်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာကို ထိပါးကျူးလွန်ခံရလို့ ဒေါသပွက်ပွက်ဆူနေတဲ့ ပြည်သူလူထုကြီးဆိုတာ ပေါက်ကွဲနေတဲ့ ယမ်းပုံကြီးနဲ့တူပါတယ်။ ရိုင်းစိုင်းယုတ်ညံ့တဲ့ စစ်အခွင့်ထူးခံတသိုက်ဟာ အရှက်မဲ့စွာ မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး ပြည်သူလူထု သန်း ၅၀ ကျော်ရဲ့ဘဝကို နင်းချေဖျက်ဆီးလို့ သူတို့အာဏာပြန်တည်ဖို့ မိုက်မိုက်မဲမဲ ကြိုးစားတာဟာ ယမ်းပုံကြီးပေါ် အာဏာတည်နေသလိုပါပဲ။

ကမ္ဘာကြီးမှာ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းဟာ လူ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်ခွင့်ကို လူလူချင်း လေးစားအသိအမှတ်ပြုကြရပါတယ်။ အဲဒီလို အသိအမှတ်မပြုနိုင်တဲ့ စနစ်ဆိုးတွေ ဖြစ်ကြတဲ့ ကျွန်ပိုင်ရှင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ နယ်ချဲ့အရင်းရှင်စနစ်တွေဟာ ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားကြရတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ကျန်နေတဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးဟာလည်း သက်ဆိုင်ရာ တိုင်းသူပြည်သားတွေက လုံးဝလက်မခံနိုင်တဲ့အ‌ခြေအနေ ရောက်လာတဲ့အခါ တဖြည်းဖြည်း ဒါမှမဟုတ် ရုတ်ခြည်း အသွင်ပြောင်းလဲကြရတာ ဖြစ်ပါတယ်။

ဒီအချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အောက်ပါအတိုင်း ပြောဆိုခဲ့ဖူးပါတယ်။ 

“လတ်တလော အကျိုးအမြတ်ကို ရေရှည်သာယာဝပြောရေးနှင့်  ငြိမ်းချမ်းရေးတို့ထက် ပို၍ ဦးစားပေးသော ကိုယ်ကျိုးရှာအုပ်စုများကို အခြေပြု၍ လည်းကောင်း၊ ပြည်သူလူထု ပေးထားသော လုပ်ပိုင်ခွင့်အပေါ်တွင် အခြေမခံဘဲ အတင်းအဓမ္မလုပ်မှုအပေါ်တွင် တည်ဆောက်ထားသော အစိုးရများ ရှိနေသမျှကာလပတ်လုံး လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာက စုပေါင်းအရေးယူ ဆောင်ရွက်ခြင်းဟူသည်မှာ တပိုင်းတစသာ အကောင်အထည်ဖော်နိုင်သော ရည်မှန်းချက်အဆင့်တွင် တည်ရှိနေမည်သာ ဖြစ်ပါတယ်။”

“လူ့မိသားစု၀င်အဖြစ် ရရှိထားသော မိမိနှင့်ခွဲခြား၍မရသော အခွင့်အရေးများကို ကာကွယ်ရာတွင် ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေကြရသူများက မိမိတို့ကိုယ်မိမိတို့ အားကိုး၍ ရုန်းကန်ကြိုးပမ်းနေရသည့် နေရာဒေသများမှာမူ ဆက်လက်တည်ရှိနေမည် ဖြစ်ပါတယ်။” 

ဒီနေရာမှာ လူ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်ခွင့်နဲ့ပတ်သက်လို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်အတည်ပြုခဲ့တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာတမ်း (Universal Declaration of Human Rights) အကြောင်း အနည်းငယ်ရေးသားပြလိုပါတယ်။ 

အဲဒီစာတမ်းရဲ့အဖွင့်နိဒါန်းမှာ လူသားမျိုးနွယ်စုအားလုံးရဲ့ မျိုးရိုးဂုဏ်သိက္ခာနဲ့တကွ လူတိုင်း အညီအမျှ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုခြင်းဟာ လူသားအားလုံးရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဖွင့်ဆိုထားပါတယ်။ 

လူ့အခွင့်အရေးတွေကို အ‌လေးမထား၊ မထီမဲ့မြင်ပြုခြင်းဟာ လူသားတို့ရဲ့ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်တဲ့ ကြမ်းကြုတ်ရက်စက်တဲ့ အပြုအမူတွေကို ဖြစ်ပေါ်စေတတ်တယ်လို့လည်း သတိပေးထားပါတယ်။

လူသားတို့အနေနဲ့ လူလူချင်း တရားလက်လွတ် ဖိနှိပ်ညှဉ်းပန်းမှု၊ ဗိုလ်ကျအုပ်စိုးမှုတို့ကို နောက်ဆုံး မလွှဲသာမရှောင်သာ လက်နက်ကိုင်စွဲလို့ တော်လှန်ပုန်ကန်ရခြင်း မဖြစ်စေရအောင် လူ့အခွင့်အရေးတွေကို ဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းပေးဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။ ဒီအချက်ဟာ မျက်မှောက်ကာလ မြန်မာနိုင်ငံရဲ့ အခြေအနေကို သက်သေထူထားတဲ့အချက် ဖြစ်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာတမ်းမှာပါတဲ့ အပိုဒ် ၃၀ အနက်က  မြန်မာပြည်သူတွေ ဆုံးရှုံးနေရတဲ့ အထင်ရှားဆုံး လူ့အခွင့်အရေးတွေနဲ့ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးတွေနဲ့ ဖက်ဆစ်အကြမ်းဖက်စစ်‌ကောင်စီက ပြည်သူလူထုကို အမြင့်ဆုံး ကျူးလွန်စော်ကားနေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့ဂုဏ်သိက္ခာအပေါ် ကျုးလွန်မှုဆိုင်ရာ အပုဒ်တချို့ကိုသာ စာဖတ်သူတွေအတွက် ကောက်နုတ်ရေးသား ဖောါပြလိုက်ပါတယ်။

အပိုဒ် (၃) - လူတိုင်းမှာ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံစိတ်ချခွင့်ရှိတယ်။

အပုဒ် (၄) - ဘယ်သူကိုမှ ကျေးကျွန်အဖြစ် (သို့) အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း ခိုင်းစေခြင်း မပြုရ၊ လူကို ကျေးကျွန်သဖွယ် အဓမ္မစေခိုင်းခြင်း၊ အရောင်းအဝယ်ပြုခြင်းနဲ့ ထိုသဘော သက်ရောက်တဲ့ လုပ်ငန်းမှန်သမျှကို တားမြစ်ပိတ်ပင်ရမယ်။

အပိုဒ် (၅) - ဘယ်သူ့ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့) ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေတဲ့ ဆက်ဆံမှုမပြုရ (သို့) အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပုဒ် (၆) - လူတိုင်းဟာ ဘယ်နေရာမှာမဆို လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ဥပဒေရှေ့မှောက်မှာ အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိတယ်။  

အပုဒ် (၁၇) - လူတိုင်းဟာတစ်ဦးချင်းဖြစ်ဖြစ်၊ တခြားသူနဲ့ဖက်စပ်ဖြစ်ဖြစ် ပစ္စည်းဥစ္စာတွေကို ပိုင်ဆိုင်ခွင့်ရှိတယ်။ တရားဥပဒေအရမဟုတ်ဘဲ ဘယ်သူကမှ လူသားတစ်ဦးရဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ရမှု မခံစေရ။ 

အထက်ပါအပုဒ်တွေထဲက လူ့အခွင့်အရေးတွေကို စစ်အာဏာလုဓားပြတပ်က မြန်မာပြည်သူလူထုကို ပယ်ပယ်နယ်နယ် ကျူးလွန်စော်ကားနေတာ ၁ နှစ်နဲ့ ၇ လပြည့်ခါနီးပြီ ဖြစ်တယ်။ 

အဲဒီလို အဓိပ္ပာယ်ရှိပြီး တန်ဖိုးကြီးတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာတမ်းကို ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်က ခန့်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို ဩဂုတ် ၁၆ ရက်မနက်က ရောက်ရှိလာတဲ့သတင်းကို DVB TV သတင်းမှာ ဖတ်လိုက်ရပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ သူ ထုတ်ပြန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာတမ်းကြီးထဲမှာ ပါသမျှ လူ့အခွင့်အရေးတွေနဲ့ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးအားလုံးကို ၁၀၀ ရာခိုင်နှုန်း ဖောက်ဖျက်ကျူးလွန်နေတဲ့ မြန်မာအကြမ်းဖက် စစ်ဘီလူးတွေကို ဟန့်တားဆုံးမနိုင်တဲ့ အာဏာရှိပုံမရဘဲ ဂုဏ်သိက္ခာကျတာသာ အဖတ်တင်ပြန်ရပြီ ဖြစ်ပါတယ်။ 

အမည်ခံကမ္ဘာ့အဖွဲ့အစည်းက မဆုံးမ အပြစ်မပေးနိုင်တဲ့ စစ်ဒုစရိုက်ကောင်တွေကို ပေါက်ကွဲနေတဲ့ ယမ်းပုံကြီးနဲ့တူတဲ့ မြန်မာပြည်သူလူထုကပဲ မိမိကိုယ်ထဲက သွေးဆိုးပြည်ပုပ်ကို ကိုယ်တိုင် ဓားနဲ့ခွဲ ဖောက်ထုတ်ပစ်သလို မဖြစ်မနေ ရှင်းလင်းဖယ်ရှားမှသာ မိမိတို့  လူ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင် ရပ်တည်ခွင့်ရမယ်ဆိုတာ ပြည်သူလူထုတရပ်လုံး အကြွင်းမဲ့ နားလည်သဘောပေါက်သလို ခိုင်မာစွာ သန္နိဋ္ဌာန်ချလို့ မဆုတ်မနစ် ကြိုးစားအားထုတ်နေကြပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရှင်သန်စရာ လုံးဝအကြောင်းမရှိတော့ဘဲ ချုပ်ငြိမ်းပြိုလဲရ‌တော့မယ့် စစ်အာဏာရှင်စနစ် အ‌ဆိပ်ပင်ကြီးနဲ့အတူ နိုင်ငံကို ဘက်စုံဖျက်ဆီးနေတာမို့ အကုသိုလ် အညစ်အကြေးတွေ အထပ်ထပ်‌ ပေကျံနေတဲ့ စစ်ဗာလမျောက်တအုပ်လုံးဟာလည်း လဲပြိုရာပါပြီး ခိုကိုးရာမဲ့ အမိုက်ဇာတ်သိမ်းကြရမှာ ဧကန်မုချဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013