DVB Logo
Home
မြန်မာသတင်း
မီးဘေးသင့်ပြည်သူများအတွက် “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ် လျာထားချက် မပြည့်သေး
DVB
·
August 23, 2022
မီးဘေးသင့်ပြည်သူများအတွက် “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ် လျာထားချက် မပြည့်သေး
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသတွေက မီးဘေးသင့်ပြည်သူတွေအတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်တည် ဆောက်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က “အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်ကို ပြုလုပ်နေရာမှာ လတ်တလောမှာတော့ Final Call ခေါ်ယူထားပြီးတော့ လျာထားလက်မှတ် ရောင်းချရမှု ပြည့်မီဖို့ ခက်ခဲနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကိုတော့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ OFP , Global Fundraiser Group (GFG)တို့က ပူးပေါင်းဆောက်ရွက်တာဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကနေ လက်မှတ်တွေ စတင်ရောင်းချနေတာ ဖြစ်ပါတယ်။

“Final Call!!!!! မနက်ဖြန်ဆိုရင် ကျွန်တော်တို့ လက်မှတ်အရောင်းပိတ်တော့မှာဖြစ်ပါတယ်။ ယနေ့အထိ လက်မှတ်စောင်ရေ နှစ်သောင်းငါးထောင်ကျော်သာ ရောင်းရသေးတဲ့အတွက် သတ်မှတ်ချိန်မှာ သတ်မှတ်ချက် ပြည့်မီဖို့  အတော်ခက်ခဲနေဆဲပါဗျာ။ ကျွန်တော်တို့ ရံပုံငွေရှာဖွေရေးအဖွဲ့တွေအားလုံး Day-1 မှသည် ယနေ့အထိ အကောင်းဆုံးကြိုးစား ရောင်းချနေဆဲပါဗျာ။ နောက်ဆုံးကျန်တဲ့ နှစ်ရက်အတွင်းမှာ မီးရှို့ခံဒေသကပြည်သူတွေကို စာနာစိတ်နဲ့ ဆက်လက် ဖေးမကူညီကြပါဦးစို့။ အမေ့လက်ဆောင် လက်မှတ်တွေ ဒီထက်ပိုပြီး ရောင်းချနိုင်ဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။”

လတ်တလော မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတာ၊ ဖမ်းဆီးနှိပ်စက်တာတွေအပြင် လေကြောင်းက ဗုံးကြဲ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင် ရွာလုံးကျွတ် မီး ရှို့ဖျက်ဆီးတာတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ အများဆုံးစံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းယူပြီးကတည်းက လူ ၄၁,၉၀၀ ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

“အမေမှာကြားခဲ့တဲ့ ဆုံးမစကားဖြစ်တဲ့ အခက်အခဲတွေ ကြုံရတဲ့ အချိန်မှာ အချင်းချင်း စောင့်ရှောက်ကြပါ၊ ကူညီကြပါ ဆိုတဲ့ စကားလေးကို လိုက်နာသောအားဖြင့် ဒီအစီအစဉ်လေးကနေတဆင့် ပြည်သူမှသည် ပြည်သူဆီသို့ စာနာမှုများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ ချစ်ခြင်းမေတ္တာများ စီးဆင်းကြမယ်။ ပြည်သူမှသည် ပြည်သူဆီသို့ အရိပ်မိုးဖို့ ကာကွယ်ဖို့ ဝိုင်းဝန်း ကူညီကြရပါမယ်။”

လတ်တလောမှာတော့ အမေ့လက်ဆောင် အမေ့ယပ်တောင် အစီအစဉ်မှာ အားလုံးတတပ်တအား ပါဝင်နိုင်ဖို့ နှိုးဆော်ထားပြီး ယပ်တောင်လေးရဲ့ ကံထူးရှင်ကိုတော့ လာမယ့် ဩဂုတ် ၂၆ ရက်မှာ ကြေညာဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013