DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ လယ်လန်းရွာ နေအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
August 22, 2022
ပေါက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ လယ်လန်းရွာ နေအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
Donate to DVB

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ သြဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး လယ်လန်းကျေးရွာက နေအိမ် ၈ လုံးကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ SPGF နဲ့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း လယ်လန်းရွာနားမှာ စျေးဝယ်သွားတဲ့ ပျူစောထီးအဖွဲ့ကို သြဂုတ် ၂၁ ရက်နေ့ မနက် ၉နာရီလောက်က ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF တပ်ရင်း၊ SPGF တပ်ခွဲ (၁) တို့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ပျူစောထီး ၁၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ဒီဗွီဘီကို ​ပြောပါတယ်။

တိုက်ပွဲ ဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကူလိုက်လာလို့ ပူးပေါင်းတပ်ဖွဲ့တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “မနေ့ကမနက်ပိုင်းမှာ ကျနော်တို့ ရွာနားမှာ တိုက်ပွဲဖြစ်တဲ့ အသံကြားလို့ ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်ဗျ။ စစ်(...)တွေနဲ့ ပျူ(...)တွေဟာ မနက် ၁၁ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ကျနော်တို့ လယ်လန်းရွာနဲ့ သရဖီရွာကို ဝင်ရောက်မွှေနှောက်ပြီး စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို သူတို့စိတ်ကြိုက် ခိုးယူသွားကြတယ်။ အဲဒီ စစ်(...)နဲ့ပျူ(...)တွေဟာ ညနေ ၃ နာရီလောက်ကျတော့ ကျနော်တို့ လယ်လန်းရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့တယ်။မီးခိုးလုံးတွေ မီးတောက်တွေ လှမ်းမြင်နေရပေမယ့် ဘယ်သူမှာ သွားမငြိမ်းရဲကြဘူး။ သူတို့တွေ ပြန်ဆုတ်သွားမှ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မီးဝင်ငြိမ်းပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်းက ညောင်ရမ်းရွာ၊ စသိန်းရွာနဲ့ ဂွေးဂုံ ရွာတွေကိုလည်း သြဂုတ် ၂၀ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၈၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး စားနပ်ရိက္ခာတွေနဲ့ ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းအတွင်းက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက တပ်အင်အား အလုံးရင်းအသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013