DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အိမ်ခြံမြေဈေးနှုန်း ယခင်ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်
DVB
·
August 22, 2022
ရန်ကုန် အိမ်ခြံမြေဈေးနှုန်း ယခင်ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်
Donate to DVB

မြန်မာကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှု လျော့နည်းလာတဲ့ အကျိုးဆက်ကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ အိမ်ခြံမြေဈေးနှုန်းက ယခင်ကထက် ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုက လျော့နည်းလာတဲ့အတွက် မြန်မာကျပ်ငွေ တန်ဖိုးဟာ တစတစနဲ့ ကျဆင်းလို့ လာပါတယ်။ 

ဒီအပြင် စစ်ကောင်စီရဲ့ မဆင်မခြင် ငွေကြေးရိုက်ထုတ်မှုကြောင့်လည်း ကျပ်ငွေ တန်ဖိုးဟာ ကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုနှုန်းကလည်း တစတစနဲ့ မြှင့်တက်လာတာက စိုးရိမ်စရာ အခြေအနေပါ။

စီးပွားရေးသီအိုရီအရ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏနဲ့ ပြည်တွင်းမှ ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏတို့ဟာ အချိုးညီနေဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏကသာ များနေပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏက နည်းနေပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှုရှိနေပြီလို့ ဆိုနိုင်ပါတယ်။

စီးပွားရေးသုတေသီတဦးက “အခု မြန်မာပြည်မှာ ငွေကြေးဖောင်းပွမှုနှုန်းက ၁၇ ရာခိုင်နှုန်း နဲ့  ၂၀ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ ဒါပေမဲ့ ဂဏန်းတွေက မငြိမ်တော့ တွက်ဖို့တော့ ခက်တယ်။ အခု အဓိက မြင်နိုင်တဲ့အချက်က ဓာတ်ဆီဈေး၊ ဒေါ်လာဈေးနဲ့ ရွှေဈေးကို ကြည့်လိုက်ရင် တက်တဲ့နှုန်းက ၄၀ ရာခိုင်နှုန်းလောက်အထိ တက်တာတွေ့ရတယ်။ ဒီတော့ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၃၀  နဲ့ ၄၀ ရာခိုင်နှုန်း ပြေးနေမယ်လို့ ခန့်မှန်းလို့ရတယ်”  လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီအကျိုးဆက်တွေကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာလည်း အိမ်ခြံမြေတန်ဖိုးက ယခင်ကထက် ၂၅ ရာခိုင်နှုန်းအထိ တရှိန်ထိုး မြင့်တက်သွားပြီး လက်တလောမှာတော့ ဈေးအမြင့်နဲ့ ဈေးတန့်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “ဈေးကတော့ ၂၅ ရာခိုင်နှုန်းအထိပဲ ဝုန်ဒိုင်း၊ ဝုန်းဒိုင်းနဲ့ တက်သွားခဲ့တာ အမြင့်ဆုံးတန်းအထိ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ ဆယ်ရက်အတွင်းမှာလေ။ ဒါပေမဲ့ အိမ်ခြံမြေတက်တဲ့ ဈေးက ရွှေနဲ့ ဒေါ်လာလောက်တော့ ရာခိုင်နှုန်း မများဘူးနော်။ ဒါကြောင့် အခုအချိန်မှာ ဝယ်မယ့်သူတွေကလည်း တော်တော်လေးလေးတော့ ချင့်ချင့်ချိန်ချိန် ရှိလာကြတယ်။ ချင့်ချင့်ချိန်ချိန် ရှိလာတယ်ဆိုပေမဲ့ ဈေးကတော့ မကျဘူး။ တက်တဲ့နှုန်းကတော့ လောလောဆယ် တန့်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ သိန်းထောင်ဂဏန်းအောက်တန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေကို ညတွင်းချင်း ငွေအပြီးချေတဲ့အထိ အရောင်းအဝယ် ရှိနေသလို သိန်းသောင်းဂဏန်းအထက်တန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေကတော့ ကြိတ်ရောင်း၊ ကြိတ်ဝယ်နဲ့ အရွှေ့အပြောင်းတွေ လုပ်နေတာ တွေ့လာရတယ်လို့ အိမ်ခြံမြေဈေးကွက် စောင့်ကြည့်နေတဲ့ လုပ်ငန်းရှင်တဦးကလည်း ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ဆင်ခြေဖုံးရပ်ကွပ်တွေမှာ ညတွင်းချင်းပဲ ချက်ချင်း ဝယ်ပြီး ပိုက်ဆံချေတာတွေ ရှိတယ်။ ဥပမာ သိန်း ၅၀၀ နဲ့ ၆၀၀ လောက် လက်ထဲ ရှိတယ်ဆိုရင် ဘဏ်ထဲ သွားမထားတော့ပဲ ညတွင်းချင်း ဝယ်တာမျိုးပေါ့။ ဘယ်လိုနေရာတွေလဲဆိုရင် ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ လိုမျိုး ဆင်ခြေဖုံးရပ်ကွက်တွေမှာ အရောင်းအဝယ်က တော်တော်များများ ပါနေတာ တွေ့ရတယ်။ ဈေးနှုန်းအကြီးပိုင်းတွေကတော့ ကြိတ်ရောင်း၊ ကြိတ်ဝယ်နဲ့ပဲ အရွှေ့အပြောင်းတွေ လုပ်နေကြတယ်။ ဘာလို့လဲဆို ဒီအခြေအနေမှာ ပုံမှန်ရောင်းဝယ်လုပ်ဖို့က တော်တော်လေး ခက်ခဲတဲ့ အနေအထားမှာ ရှိနေတာလေ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်) နေ့က ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၃၃၁ ကျပ် ရှိပြီး ဈေးကွက်မှာ ၁၄၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ရှိနေတာပါ။ ဒီနေ့ သြဂုတ် ၂၂ ရက်အတွက် ဗဟိုဘဏ် ရည်ညွှန်းဈေးက ၂၁၀၀ ကျပ်လို့ ဆိုပေမယ့် ဈေးကွက်မှာတော့ ကျပ် ၂၈၀၀ နဲ့ ၂၉၀၀ အကြားမှာ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေလဲနှုန်းက စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၁ နှစ်ခွဲကာလမှာ ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းကျော် တက်သွားခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013