DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံသည့် LDU အဖွဲ့ တရားမဝင်ဟုဆို
DVB
·
August 22, 2022
စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံသည့်  LDU အဖွဲ့ တရားမဝင်ဟုဆို
Donate to DVB

စစ်ခေါင်းဆောင် ခေါ်ယူကျင်းပတဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်တဲ့ ကျာဆော်လမွန် ဦးဆောင်တဲ့အဖွဲ့ဟာ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ကို ကိုယ်စားမပြုကြောင်းနဲ့ LDU အမည်ကို ထမ်မံအလွဲသုံးစားတာပြုလုပ်တာလို့ ထုတ်ပြန်ပါတယ်။

လားဟူ ဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဋ္ဌ ကျာဟား လက်မှတ်ထိုးပြီး ထုတ်ပြန်တဲ့ အဆိုပါ ကြေညာချက်မှာ ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ကို LDU အမည်နာမကို အလွဲသုံးစားမပြုဖို့ အကြိမ်ကြိမ် သတိပေးထုတ်ပြန်ပေမဲ့ ထပ်မံအသုံးပြုလာတဲ့အပေါ်  ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ကြောင်း ထုတ်ပြန်ပါတယ်။

ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လားဟူအမျိုးသားများစည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေးရှုတာမဟုတ်ဘဲ မိမိကိုယ်ကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေတဲ့အပေါ် ရှုတ်ချကြောင်းနဲ့ ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“အဓိကက ဒီ LDU ရဲ့ ငြိမ်းချမ်းရေးတလျှောက်လုံးကို အစကနေ အခုအထိ ပါဝင်လာနေတဲ့ လူတစုက ကျနော်တို့ဘက်မှာ အခုအထိ ရှိနေတုန်းပဲ။ အဲဒီထဲမှာ သူက ၆ ယောက် ၇ ယောက်လောက်ပါတယ်။ စဖွဲ့ကတည်းကပေါ့နော်။ အခု ကျာဆောလမွန်က သူဝင်လာတာ ၁၂ နှစ်လောက်ပဲ ရှိသေးတယ်။ အခုက ရှင်းရှင်းပြောရရင် သူက လူမျိုးအတွက်၊ ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ ကိုယ့်ကိုယ်ကျိုးအတွက် သူက အဲလို လုပ်နေတာကို ကျနော်တို့က လုံးဝ လက်မခံနိုင်လို့ပါ။ နောက်ပြီးတော့ ကျနော်တို့အဖွဲ့အစည်းထဲမှာလည်း သူ့ကို ကျနော်တို့က ထုတ်ပယ်ပြီးသား၊ သူက ဘာပဲလုပ်လုပ်ဘာပဲဖြစ်ဖြစ် ကျနော်တို့ကို လုံးဝအကြောင်းမကြားဘူး။ ကျနော်တို့က သူ့ကို အကြိမ်ကြိမ်အခါခါ သူ့ဆီသွားပြီးညှိနှိုင်းတယ်၊ ဒါပေမဲ့သူက တခုမှနားမထောင်ဘူး။ လက်မခံဘူး။” လို့ ကျာဟားက ပြောပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို LDU ဥက္ကဋ္ဌ ကျာခွန်ဆာနဲ့ ဒု-ဥက္ကဋ္ဌ ကျာဟားတို့ မတက်ရောက်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ အထွေထွေအတွင်းရေးမှူး ကျာဆောလမွန်က အလုပ်အမှုဆောင်တချို့နဲ့ဆွေးနွေးပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ နေပြည်တော်မှာ ဇူလိုင် ၇ ရက်ကလည်း ပထမအကြိမ်  သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အခုလိုစစ်ကောင်စီနဲ့ ဆွေးနွေးပြီးနောက်မှာတော့ ဗဟိုကော်မတီအစည်းအဝေးကို ဇူလိုင် ၂၇ - ၂၈ နှစ်ရက်တာပြုလုပ်ခဲ့ပြီး ကျာဆော်လမွန်ကို  ဥက္ကဋ္ဌ၊ ကျာဖူးက ဒုဥက္ကဋ္ဌ နဲ့  ဗဟိုကော်မတီဝင် ၉ ဦးကို ရွေးချယ်တင်မြောက်ကြောင်း  ဇူလိုင် ၂၈ ရက်က ကျာဆော်မွန်အဖွဲ့က  ထုတ်ပြန်ပါတယ်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ရဲ့ ဥက္ကဋ္ဌသစ်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အသစ်တွေကို  ပြန်လည်ရွေးချယ်တဲ့ကိစ္စ တရားမဝင်တဲ့အကြောင်း  LDU  ခေါင်းဆောင် ကျာဟားက နောက်နေ့မှာ ထပ်မံ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က  ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရေး မတက်ရောက်ရေး ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲနေပြီး တဖက်နဲ့တဖက်အကြား ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။

မနေ့ကတော့ ကျာဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ခေါင်းဆောင်နဲ့ ဒုတိယအကြိမ် တွေ့ဆုံဖို့ နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013