
ရခိုင်ပြည်နယ်မှာ ဧပြီ ၂၉ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်း တချို့ ပျက်စီးသွားတယ်လို့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေဆီက သိရပါတယ်။
လေပြင်းတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ရှောင်စခန်း နေအိမ် ၅၀၀ နီးပါး ပျက်စီးသွားခဲ့ပြီး အဲဒီထဲက နေအိမ် ၂၀ ကျော် လုံးဝပြိုလဲ ပျက်စီးသွားတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဆိုပါတယ်။ နေအိမ် ၄၀၀ ကျော်ကတော့ ခေါင်မိုးပွင့်ပြီး ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
ဒီရက်ပိုင်းအတွင်းလည်း မိုးတွေက အဆက်မပြတ်ရွာနေတာကြောင့် နေအိမ်တွေ ပျက်စီးသွားတဲ့ စစ်ရှောင်ပြည်သူတွေဟာ မိုးရေထဲမှာ အမိုးအကာမလုံခြုံဘဲ အခက်အခဲများစွာ ကြုံနေရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေးတောင် အနိုင်နိုင် ရုန်းကန်နေရတာကြောင့် ဝိုင်းဝန်းကူညီ ပေးကြဖို့ကိုလည်း လူမှုကူညီရေးအဖွဲ့တွေက မေတ္တာရပ်ခံပါတယ်။
ပုဏ္ဏားကျွန်းအပြင် ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်နေအိမ် ရာဂဏန်းနဲ့ ပေါက်တောမြို့နယ်က စစ်ရှောင်နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။











