DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီ ရှေ့တန်းစခန်းမှ တပ်သား ၂ ဦး လက်နက်နှင့်တကွ KNDO ထံအလင်းဝင်
DVB
·
August 21, 2022
အကြမ်းဖက်စစ်ကောင်စီ ရှေ့တန်းစခန်းမှ တပ်သား ၂ ဦး လက်နက်နှင့်တကွ KNDO ထံအလင်းဝင်
Donate to DVB

ကရင်ပြည်နယ် မြဝတီ-ဝေါ်လေဒေသတလျှောက် ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်သား ၂ ယောက်ဟာ လက်နက်နဲ့တကွ CDM ပြုလုပ်ကာ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) ဆီ ပူးပေါင်း ဝင်ရောက်လာပါတယ်။

အဆိုပါ တပ်သား ၂ ယောက်ကတော့ စစ်ကောင်စီ စအရ (၉၀၄) အင်ဂျင်နီယာတပ်မှ တ-၃***** တပ်သား အောင်အောင်နဲ့ ခလရ (၂၇၅) ခြေလျင်တပ်မှ တ-၅***** တပ်သား အာကာမင်းတို့ ဖြစ်ကြပြီး အမ်အေ-၁ (၂) လက်၊ အမ်အေ-၃ (၁) လက်၊ ခဲယမ်းကျည် အမြောက်အမြားနဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ KNDO နဲ့ ဆက်သွယ်ပူးပေါင်းခဲ့ကြတာလို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

"စစ်တပ်ရဲ့ လုပ်ရပ်တွေကို မကြိုက်တာကြာခဲ့ပါပြီ။ စစ်တပ်အကြီးအကဲတွေဟာ သူတို့ အာဏာ အကျိုးစီးပွားအတွက် ကျနော်တို့ကို အသုံးချ ချနင်းနေတယ်။  ပြည်သူတွေကို သတ်ဖြတ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ် ဆိုကတည်းက စစ်သားယူနီဖောင်းဝတ်ထားတဲ့ မိမိကိုယ်မိမိ လိပ်ပြာမလုံခဲ့ပါဘူး။ အကြိမ်ကြိမ် CDM လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မိသားစုတွေအတွက် စိုးရိမ်ပူနေရတာတွေ၊ အခွင့်အရေးမသာခဲ့တာတွေ၊ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာကို မသိတာတွေကြောင့် CDM လုပ်ဖို့ နှောင့်နှေးခဲ့ရပါတယ်။ အခုလည်း မိသားစုကို စွန့်ပစ်ပြီး ဒီတော်လှန်ရေးကို ပြီးမြောက်အောင် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မယ်လို့ စိတ်ပိုင်းဖြတ်မှုနဲ့ CDM လုပ်ခဲ့တာပါ။ မိသားစုနဲ့ မတွေ့ဆုံခဲ့ရတာလည်း အာဏာမသိမ်းခင် ကတည်းက ပါပဲ။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို သူတို့ကိုလည်း အသိမပေးဘူး။ ဒါပေမယ့် ... စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဘယ်လိုမှ လက်မခံနိုင်တော့လို့၊ ဒီလိုမျိုး စေခိုင်းနေတဲ့ စစ်တပ်အကြီးအကဲတွေရဲ့ လက်အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်ချင်တော့လို့ အခုလိုမျိုး အခက်အခဲများကြားက ရအောင်ချိတ်ဆက်ပြီး CDM ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါတယ်" လို့ CDM တပ်သား ၂ ဦးက ပြောပါတယ်။

အဆိုပါ CDM တပ်သား ၂ ယောက်ကို KNDO ကလည်း နွေးထွေးစွာ ကြိုဆိ‌ေဂုဏ်ပြုခဲ့သလို၊ NUG အစိုးရကလည်း ဂုဏ်ပြုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရှေ့တန်းစစ်မြေပြင်ကနေ CDM ပြုလုပ်သွားတဲ့ စစ်သားတွေ များပြားလာနေတာကြောင့် စစ်ကောင်စီတပ်အတွင်း သတင်းအမှား ဝါဒဖြန့်နေမှုတွေ ပြုလုပ်နေတယ်လို့လည်း ပြည်သူ့ ဘက်ကူးပြောင်းလာတဲ့ CDM စစ်သားတွေက ပြောပါတယ်။

အောက်ခြေတပ်သားတွေ CDM မပြုလုပ်ရဲအောင် စစ်ကောင်စီတပ်အတွင်း မဟုတ်မမှန် သတင်းအမှား ဝါဒဖြန့်မှုတွေ ပြုလုပ်နေပေမယ့် စစ်ခေါင်းဆောင်အဆင့်ဆင့်ရဲ့ ကိုယ်ကျိုးရှာမှုတွေ၊ တပ်တွင်း မညီမျှမှုတွေ၊ အထက်အောက် ဖိနှိပ်မှုတွေကြောင့် စစ်ကောင်စီတပ်ကို စွန့်ခွာကာ ရှေ့တန်းစစ်မြေပြင်ကနေ EROs PDFs တွေဆီ ခိုလှုံဝင်ရောက်မှုတွေအဆက်မပြတ် ရှိလာနေသလို၊ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်ဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013