DVB Logo
Home
မြန်မာသတင်း
အနုပညာရှင်များ ရှေ့တန်းထွက်ဖျော်ဖြေရမည်ဟု စစ်ကောင်စီ ဝန်ကြီးပြော
DVB
·
November 6, 2023
အနုပညာရှင်များ ရှေ့တန်းထွက်ဖျော်ဖြေရမည်ဟု စစ်ကောင်စီ ဝန်ကြီးပြော
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်စခန်းတွေ သိမ်းပိုက်ခံနေရပြီး အကျအဆုံးများပြားနေတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့၊ မိသားစုဝင်တွေကို ဖျော်ဖြေဖို့ အနုပညာရှင်တွေ ရှေ့တန်းထွက်ဖျော်ဖြေရမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက်က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှာ ပြုလုပ်တဲ့ ၂၀၂၃ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲအခမ်းအနားနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေးပြုလုပ်ရာမှာ ပြောလိုက်တာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတာဟာ သောင်းကျန်းသူအဖွဲ့ ၃ ဖွဲ့ ပူးပေါင်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ရုပ်ရှင်လောကသားတွေအနေနဲ့ အဆိုပါလုပ်ရပ်တွေအပေါ် လက်မခံ ကြောင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြသူတွေဆီ စာရေးသား ပေးပို့တာ၊ သဝဏ်လွှာပေးပို့တာ၊ ကူညီထောက်ပံ့မှုတွေပေးတာမျိုးတွေကို ပြုလုပ်ပေးရမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အဆင်ပြေတဲ့အချိန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသူတွေ၊ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေတာတွေ ဆောင်ရွက်ဖို့ ရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ဖို့ မြောက် ပိုင်းမဟာမိတ် ၃ ဖွဲ့ က ၁၀၂၇ စစ်ဆင်ရေးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေး ၁၀၂၇ စတင်ချိန်ကတည်းက လက်ရှိအချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း  ၉၀   လောက်ကို သိမ်းယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြား သိမ်း ပိုက်ရရှိခဲ့ကြပြီး စစ်ကောင်စီ အရာရှိစစ်သည်တွေ အပါအဝင် တပ်သားအလောင်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရရှိခဲ့ပေမယ့် စစ်အုပ်စုကတော့ လိမ်လည်ဝါဒဖြန့်လမ်းစဉ်တွေနဲ့ ဆက်လက်ပြီးတော့ ပြည်သူတွေကို လှည့်ဖြားလိမ်လည်တာမျိုးတွေ လုပ်ဆောင်နေတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အနုပညာရှင်တယောက်ကတော့ “ဒါမျိုးက အရင်ကတည်းက အသုံးချခံလိုဖြစ်နေတဲ့ ပုံစံခွက်ထဲက ဖားတွေလိုပါပဲ။ (စစ်အုပ်စုက) လိုရင် အသုံးချလိုက်မယ်။ ပြည်သူချစ် အနုပညာရှင်ဆိုတဲ့ ခေါင်းစဉ်အောက်က ဆက်လာပါလိမ့်ဦးမယ်။ အဖြူရောင် အနုပညာရှင်တွေဆိုတာကလည်း အသုံးချခံဖို့ ရှိနေရတယ်ဆိုတာ မတွေးကြတော့တဲ့အပြင် ဒီအဖြစ်အပျက်ကြီး၊ ဒီကာလကြီးဟာ ဘာဆိုတာတောင် မေ့ကုန်ကြပြီ ထင်ပါတယ်။ အဘ အဘနဲ့ အဘသားတွေ၊ သမီးတွေဖြစ်ရတာ ဂုဏ်အယူရဆုံးဆိုတဲ့ အမှောင်ခေတ်က အချိန်တွေရောက်သွားရတာ တော်တော်ရင်နာစရာပဲ။ တိုက်ပွဲကြောင့် အသက်ပေးကြ၊ တော်လှန်ရေးကြောင့် ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အားလုံးတကွဲတပြား ဖြစ်နေကြရတဲ့ ကိုယ့်လောကသားချင်းမှ မစာမနာ လုပ်ရက်ကြ၊ လုပ်ရဲကြရင်လည်း လုပ်ကြပေါ့ဗျာ” လို့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်အာဏာရှင် ဆန့်ကျင်တော် လှန်ရေး ကာလအစတွေတုန်းက ပြည်သူ့ဘက်က ရပ်တည်ပြီး ရဲရဲတောက် ပါဝင်လှုပ်ရှားခဲ့ရာကနေ စစ်အုပ်စု အလိုကျ ခံဝန်ထိုးပြီး ဝါဒဖြန့်လုပ်ရပ်တွေမှာ ပါဝင်နေကြတာကိုလည်း စိတ်ပျက်မိတယ်လို့ သူက ပြောပါတယ်။

“၅၀၅ ထုတ်ခံရတယ်ဗျာ။ ဖမ်းခံရတယ်၊ စစ်ခံရတယ်၊ ညှိနှိုင်းတယ်၊ ငွေညှစ်တယ်၊ ပြန်လွှတ်တယ်၊ ဒီသံသရာထဲက မလွတ်တဲ့ ယန္တရားထဲမှာ သူတို့ပြောပြောနေတဲ့ ပရိသတ်ကြီးက ထမင်းရှင်ပါလို့ ပြောရဲပြီး စစ်အုပ်စုလက်အောက် ပြန်ဝင်ပြီး ပျော်ရွှင်နေတဲ့ အနုပညာရှင်တွေကို စိတ်ကုန်စိတ်ပျက်မိတယ်။”

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်း ၂ နှစ်ခွဲကျော် ကာလတွေအတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

တနိုင်ငံလုံး စစ်မီးတောက်လောင်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းမှုကြောင့် မကျင်းပနိုင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ချီးမြှင့်ပွဲအခမ်းအနားကို  ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် ၃ နှစ်စာ ပေါင်းပြီး ကျင်းပခဲ့တဲ့အပြင် ဆက်လက်ပြီးတော့လည်း ကျင်းပဖို့ စီစဉ်နေပါတယ်။

PHOTO-MMPO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013