
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ က.ပ.စ ၂၁ မှာ သြဂုတ် ၁၄ ရက် ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီး အဆောက်အအုံ ၂ ခု မီးလောင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ က ပြောပါတယ်။
“က.ပ.စ ၂၁ မှာ သြဂုတ် ၁၄ ရက် ညနေ ၄ နာရီလောက်မှာ ပေါက်ကွဲသံ တချက်ကြားလိုက်ပြီး မီးခိုးလုံးတွေ တက်လာတယ်။ အဲဒီနားမှာက လေကြောင်းရန်ကာကွယ်ရေးတပ်တွေရော၊ စစ်ကောင်စီတပ်တွေရော အများကြီးရှိတော့ စစ်ကားတွေ အများကြီး ရောက်လာတယ်။ အဲဒီနယ်မြေက ကျနော်တို့ ဆိပ်ဖြူဘာမထီးပြောက်ကျားတပ်ဖွဲ့ စိုးမိုးနယ်မြေဖြစ်ပေမဲ့ ကျနော်တို့ဘက်က တိုက်ခိုက်တာတော့ မဟုတ်ဘူး။ သူတို့ဘက်ကတော့ ပေါ့ဆမီးကြောင့် မီးလောင်တယ်လို့ပဲ သတင်းထွက်လာတယ်။ ဒါပေမယ့်လည်း သူတို့တပ်တွင်းထဲမှာတော့ အတွင်းလူက လုပ်တယ်ဆိုပြီး စုံခုံဖွဲ့ပြီး စစ်ဆေးနေတယ်လို့တော့ ကြားတယ်” လို့ ဆိပ်ဖြူ ဘာမထီပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုပိုင်က ဒီဗွီဘီကိုပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အဆောက်အအုံ ၂ လုံး မီးလောင်ကျွမ်းတယ်လို့ သိရပြီး ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ အတွင်းလူကို ဆက်သွယ်ချိတ်ဆက်နေပေမဲ့ အဆက်သွယ်မရသေးဘူးလို့ ဆိုပါတယ်။
ကန်ဇွန်းမကျေးရွာ ဒေသခံ တယောက်က “ပေါက်ကွဲသံ တချက်အကျယ်ကြီး ကြားလိုက်ရပြီး ကပစ ၂၁ စက်ရုံဘက်ကနေ မီးခိုးလုံးတွေ မီးတောက်တွေ တက်လာတာ တွေ့ရတယ်။ ညနေ ၄ နာရီလောက်ကနေ မိုးချုပ်တဲ့အထိ လောင်ခဲ့တာ။ ညမိုးချုပ်တဲ့ အချိန်မှာတော့ လက်နက်ကြီးပစ်သံ ၇ ချက်လောက် ကြားရတယ်” လို့ ပြောပါတယ်။
အဲဒီ က.ပ.စ ၂၁ ဟာ လေယာဥ်နဲ့ပစ်ရတဲ့ ဗုံးတွေ၊လက်နက်တွေနဲ့ကျည်ဆန်တွေ ထုတ်လုပ်တဲ့ စက်ရုံ တခုလို့ သိရပြီး မီးလောင်ဆုံးရှုံးခဲ့တဲ့ အခြေနေတွေကိုတော့ ဒီဗွီဘီက သီးခြားအတည် မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေပါတယ်။