DVB Logo
Home
Lead Story
အယုံအကြည် လုံးဝကင်းမဲ့သွားတဲ့ မီဒီယာ
DVB
·
August 20, 2022
အယုံအကြည် လုံးဝကင်းမဲ့သွားတဲ့ မီဒီယာ
Donate to DVB

အယုံအကြည် လုံးဝကင်းမဲ့သွားတဲ့ မီဒီယာ.. ။ ( Zero Trust Media ) 

စက္ကူတွေ ရှားသွားတော့ ပုံနှိပ်စာနဲ့ ပိုဝေးသွားတယ်။ ဒေါ်လာတွေ ဈေးတက်လို့ စက္ကူတွေ ရှားမသွားခင်ကတည်းက လူတွေက ပုံနှိပ်စာတွေနဲ့ တဖြည်းဖြည်းဝေးသွားကြတာ ကိုယ်အပါအဝင်ပါပဲ။ မှတ်မှတ်ရရ ဆိုရရင် ဒီဘက်ဆယ်စုနှစ်မှာ ပုံနှိပ်စာနဲ့ တနေ့တခြား ဝေးသွားခဲ့တာ ခုဆို မထိတွေ့မိသလောက်ကို ဖြစ်နေပြီ။ နေ့စဉ်ထိတွေ့မိတာက screen ပေါ်က အလင်းပြန်စာလုံးလေးတွေ ဖြစ်လာတယ်။ ကြာလာတော့ ကျင့်သားရသလိုဖြစ်။ လွယ်လည်းလွယ်ကူ စုံလည်စုံလင်တော့ လက်ထဲကိုင်ထားတဲ့ ဖုန်းတလုံးက လိုတရ ဥစ္စာတခုဖြစ်လာတယ်။ အချိန်ကလေးအားအားရှိ သိချင်တာလေးတွေကို ရှာဖို့ လက်က အလိုလို ရွေ့မိလျက်သား။ 

သတင်းစာ မဖတ်တော့တာ ကြာပါပြီ။ ဖတ်စရာ သတင်းစာလည်း မရှိဘူးလေ။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားရင် လူတွေက လက်ထဲက ဖုန်းတွေကို ကိုယ်စီ ငုံ့ကြည့်နေကြတယ်။ မြင်ကွင်းက ပြောင်းသွားပြီ။ ဟိုတချိန် ကိုယ်တွေ ကိုယ်တိုင် ဂျာနယ်ထုတ်တော့ မနက်မိုးလင်းရင် လက်ဖက်ရည်ဆိုင်ထဲ လူတိုင်းကိုယ်စီ တယောက်ဂျာနယ်တစောင်  လှန်ဖတ်လို့။ ခုတော့ ဆိုင်ထဲ ဂျာနယ်လက်ပွေ့ရောင်းသူလည်း ပျောက်သွားတာ ကြာလှပေါ့။ 

ကိုယ်က သတင်းစိတ်ဝင်စားသူ၊ ခုချိန်မှာ သတင်းထုတ်လုပ်တဲ့ ပလက်ဖောင်း (မီဒီယာ) လည်း မရှိတော့ သတင်းထူးကလေးများ ကိုယ်က စသိပြီဆိုရင် share မျှဝေပေးချင်တဲ့ စိတ်တွေ တားမရသေးဘူး။ နိုင်ငံတကာ သတင်းတွေက အချိန်နဲအမျှ updates တွေ တက်နေတတ်တော့ ကိုယ်က ဖတ်မိလိုက်တဲ့အခါ လူအများလည်း ဖတ်စေချင်တဲ့ စိတ်နဲ့ ပြန်ပြီး မျှဝေဖြစ်တာပါ။ 

တနေ့ကတော့ သတင်းတွေဖတ်ရင်း အမေရိကန်သူဌေး အီလွန်မတ်စ်က ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို ဝယ်တော့မယ် ဆိုတဲ့ သတင်းတပုဒ်တက်လာတယ်။ သတင်းရင်းမြစ်က ဆိုရှယ်မီဒီယာက မဟုတ်ဘဲ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတခုဖြစ်နေတာနဲ့ ချက်ခြင်း ပြန်ပြီးမျှဝေဖြစ်ခဲ့တယ်။ စပြီး ဖတ်ရစဉ်ကတည်းက သတင်းအပေါ် သံသယတော့ ဝင်ပြီးသား။ အီလွန်မတ်စ်က ဟိုတလောက တွစ်တာကို ဝယ်မယ်ဆိုပြီး မဝယ်တော့တဲ့သူ။ ခုရော ဟုတ်ရဲ့လားပေါ့။ ခက်တာက ရိုက်တာလို ကမ္ဘာ့သတင်းဌာနကြီးတွေကတောင် ဒီသတင်းကို ဖော်ပြနေတာတွေ့လို့ ပြန်မျှဝေဖြစ်လိုက်တယ်။ 

သိပ်မကြာပါဘူး။ ဒီသတင်းက မမှန်ပါဘူးတဲ့။ အီလွန်မတ်စ်က သူ့တွစ်တာပေါ်မှာ နောက်ပြောင်သလို ရေးလိုက်တာဆိုပြီး သတင်းတွေ ထပ်ထွက်လာတယ်။ ဒါဆိုရင် ယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ သတင်းမီဒီယာတွေက ဘာလို့ ဒီသတင်းကို copied and pasted လုပ်ခဲ့ကြသလဲ။ ယုံကြည်စရာ သတင်းမီဒီယာတွေ ရှားပါးလာတဲ့ ခုချိန်ခါမှာ သတင်းမီဒီယာကြီးတွေကိုတောင်မှ ယုံကြည်လို့ မရတော့ဘူးဆိုတာ သက်သေပြသွားတယ်။ 

ကိုယ်တွေဆီမှာကတော့ ဒီအဖြစ်မျိုး ရိုးနေပါပြီ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အရင်ဆုံးတက်လာတတ်တဲ့ သတင်းအစအနတခုကို ဆွဲထုတ်ပြီး သတင်းမီဒီယာတွေက ပြန်ရေးကြတာ။ ခုလည်း ဒီလိုပဲ ဖြစ်မှာပါ။ 

သတင်းမီဒီယာတွေကို လူတွေက အယုံအကြည်မရှိကြတော့ဘူး။ 

ယုံကြည်ရပါတယ်ဆိုတဲ့ သတင်းဌာနတွေရဲ့ သတင်းတန်ဖိုးက ကျကျလာတယ်။ အထူးသဖြင့် ခုလို ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာပလက်ဖောင်းတွေ ထွေပြားစုံလင်တဲ့ ကာလမှာ အရင်က ယုံကြည်အားထားခဲ့ရတဲ့ mainstreams media တွေအပေါ် လူတွေရဲ့ ယုံကြည်မှုဟာ ပျောက်ဆုံးလာတယ်။ 

ဘာ့ကြောင့် ခုလို မီဒီယာတွေအပေါ် လူတွေ အယုံအကြည်ကင်းမဲ့သွားကြတာလဲ။

ပြီးခဲ့တဲ့ ဇွန်လက ဟာဝိုင်ယီ East-West center မှာ နိုင်ငံတကာ မီဒီယာညီလာခံတခု ကျင်းပပြုလုပ်တော့ ပညာရှင်တွေက ဝိုင်းပြီး အဖြေရှာဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ တိကျတဲ့ အဖြေတခုကို ရှာဖွေလို့မရခဲ့ပါဘူး။ ညီလာခံအကြောင်းအရာက " Connecting in a Zero- Trust World" ပါ။ 

အယုံအကြည်ကင်းမဲ့လာတဲ့ ကမ္ဘာကြီးမှာ ဘယ်လို ဆက်သွယ်ကြမလဲ။ ဒီမှာ အဓိက ဆွေးနွေးသွားကြပြီး ပညာရှင်တွေကိုယ်တိုင် ဝန်ခံသွားတာက ခု ကြုံနေရတဲ့ ပြဿနာဟာ ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ အခြေအနေတခုဖြစ်လာတယ်ဆိုတာပဲ။

"ကောင်းမွန်တဲ့ သတင်းစာပညာ" လို့ ဆိုရမယ့် Good Journalism တခုတည်းနဲ့လည်း မလုံလောက်တော့ပါဘူးတဲ့။ ခုချိန်မှာ အများလေးစားခံရတဲ့ သတင်းမီဒီယာတွေသည်ပင် လူတွေရဲ့ အယုံအကြည် ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတယ်။ လူအများစုက သတင်းတွေဟာ သူတို့အတွက် မဟုတ်ဘူးလို့ သဘောထားပြီး သူတို့နဲ့ သဘောထားတိုက်ဆိုင်တဲ့ သတင်းမီဒီယာတွေကိုသာ ယုံကြည်တော့တယ်။ 

ခုချိန်မှာ သတင်းမှား misinformation တိုက်ဖျက်ရေး လိုအပ်ပေမယ့် သတင်းသမားတွေအနေနဲ့ ဘာ့ကြောင့် လူတွေက ဒီသတင်းမှားတွေကို သုံးစွဲနေကြသလဲဆိုတာ သိဖိုလည်း လိုအပ်ပါတယ်လို့ ဆွေးနွေးကြသူတဦးက ဆိုတယ်။ 

"လိုအပ်ချက်အရ ယုံကြည်စိတ်ချရမှုကို အသိအမှတ်ပြုဖို့ လိုပေမယ့် လူထုယုံကြည်မှု ရဖို့အတွက်ကတော့ လုံလောက်တဲ့ အခြေအနေမဟုတ်​သေးပါဘူး" 

(We have to acknowledge that trustworthiness, while necessary, is not a sufficient condition for public trust ) လို့ ဟောင်ကောင် ဘပ်(ပ)တစ် တက္ကသိုလ်က ပါမောက္ခ ဂျော့ က ဒီညီလာခံမှာ ဝင်ဆွေးနွေးခဲ့တယ်။ 

ရိုက်တာသတင်းဌာန၊ ဒစ်ဂျစ်တယ် သတင်းသိပ္ပံက မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ သတင်းဌာနများ ရင်ဆိုင်နေရတဲ့ စိတ်ပျက်စရာကောင်းတဲ့ ပတ်ဝန်းကျင်အခြေအနေတခုက သတင်းဌာနတွေဟာ အွန်လိုင်း ဖန်တီးသူတွေ၊ ပရိသတ်ဩဇာရှိသူ (influencers) တွေ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အပြိုင် လူထုပရိသတ်ကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေပါပဲလို့ ဆိုတယ်။ 

အဓိကကျတဲ့ အင်စတီကျူးရှင်းတွေအပေါ် လူထုယုံကြည်မှုအခြေအနေတွေကို လေ့လာနေတဲ့ Edelman ရဲ့ သုတေသနပြုချက်အရ ခုချိန်မှာ မီဒီယာဟာ အစိုးရအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းတွေ နဲ့ အန်ဂျီအိုတွေနဲ့ယှဉ်ရင် လူထုယုံကြည်မှု အနိမ့်ဆုံးအဆင့်မှာ ရှိနေတယ်လို့ သိရတယ်။ အီဒယ်မန်ရဲ့ အာရှပစိဖိတ် စီအီးအို စတီဖင် ခေဟိုး ကတော့ "ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် မီဒီယာတွေအပေါ် လူထုယုံကြည်မှုက လွန်ခဲ့တဲ့ ဆယ်နှစ်ကစပြီး ယိုယွင်းသွားပါပြီ" လို့ ပြောသွားခဲ့တယ်။ 

ညီလာခံမှာ အဓိက ဆွေးနွေးသွားကြတာက ခုကြုံနေရတဲ့ လူထုအယုံအကြည်ကင်းမဲ့လာတဲ့ မီဒီယာပြဿနာကို ဘယ်လို အဖြေရှာကြမလဲ ဆိုတာပါ။ တိကျတဲ့အဖြေတခုကိုတော့ ဒီညီလာခံက မရှာဖွေနိုင်ခဲ့ပါဘူး။

မီဒီယာရဲ့ ရေစီးက ခုအတိုင်းဆက်ပြီး စီးမျောနေဦးမှာပါ။ မီဒီယာပလက်ဖောင်းပေါ်မှာ ရွေးချယ်စရာများလာတဲ့ လူထုအနေနဲ့  သူတို့ မယုံကြည်တဲ့ သတင်းမီဒီယာတွေကို လှည့်ကြည့်မှာ မဟုတ်တော့သလို ဆိုရှယ်မီဒီယာပေါ်က အမှန်အမှားရောထွေးနေတဲ့ သတင်းတွေကိုလည်း ဆက်ပြီး စားသုံးနေကြဦးမှာပါ..။

ချစ်ဝင်းမောင် (သူ့အတွေး သူ့အမြင် – Op-Ed)

Ref: Confronting the Media's Crisis of Trust. E-WC.

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013