DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အပေါ်သက်ညှာပေးခဲ့၊ တပ်ကရွာမီးရှို့သည့်ကိစ္စမဖြစ်နိုင်၊ ကုလစိုးရိမ်ပူပန်မှု မိမိနားမလည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
August 20, 2022
ဒေါ်အောင်ဆန်းစုကြည် အပေါ်သက်ညှာပေးခဲ့၊ တပ်ကရွာမီးရှို့သည့်ကိစ္စမဖြစ်နိုင်၊ ကုလစိုးရိမ်ပူပန်မှု မိမိနားမလည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုထက်ပိုမို အရေးယူနိုင်ပေမဲ့ သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ တရားစီရင်မှုကိစ္စတွေ ပြီးဆုံးပြီးနောက် စစ်ကောင်စီရဲ့လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုကို မူတည်ပြီး သူ့အပေါ် စဉ်းစားဆောင်ရွက်သွားမယ်လို့  အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်က နေပြည်တော်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့  အခုလိုပြောဆိုခဲ့တာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးပြန်ရေးအဖွဲ့က ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ဆုံး အကြိမ်တွေ့ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေကြောင်းအရ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။ မိမိတို့ဘက်က ယင်းကဲ့သို့ တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ဥပ‌ဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် ဥပဒေနှင့်မလျော် ညီသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည့်အတွက်‌ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယင်းကိစ္စရပ်အား ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုလျှင် လက်ရှိဖြစ်ပေါ် နေသည့်ကိစ္စများ လုံးဝဖြစ်လာမည် မဟုတ်ပါ။”လို့ ပြောပါတယ်။

ဒီမိုကရေစီနဲ့ ဒီမိုကရေစီကိုဆန့်ကျင်တဲ့အရာကို ဦးစားပေးနှိုင်းယှဉ်လာပါက မိမိအနေနဲ့ ဒီမိုကရေစီကိုဦးစားပေးဆောင်ရွက်မှာဖြစ်လို့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို လုပ်ဆောင်ပြီးပါက  မိမိအနေနဲ့   ဒေါ်အောင်ဆန်းစုကြည်အပေါ် စဉ်းစားဆုံးဖြတ်သွားမှာဖြစ်တယ် ၊ အခုအချိန်မှာ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ ပြောဖို့အချိန်စောလွန်းသေးတယ်၊ မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေးပြီး နေအိမ်ကဲ့သို့ ထားရှိ ဆောင်ရွက်ပေးထားတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ပြောဆိုချက်မှာတော့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကို  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး သင့်တော်တဲ့အချိန်မှာ  စီစဉ်ပေးဖို့ လမ်းဖွင့်ထားတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားခဲ့တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးဖို့နဲ့ ကောင်းကောင်းမွန်မွန် နေနိုင်ရေးအတွက် အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်း လုပ်ပေးမယ်လို့ စစ်ခေါင်းဆောင်က ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။

နိုလင်းဟေဇာရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂတာဝန်ရှိသူတွေရဲ့  ထုတ်ပြန်ပြောဆိုချက်တွေဟာ ကျင့်ဝတ်လိုက်နာခြင်းမရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပြည်သူတွေရဲ့ အထင်အမြင်လွဲ၊ နားလည်မှုလွဲမှားစေနိုင်တယ်လို့လည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာတည်ငြိမ်နေတဲ့နိုင်ငံဖြစ်လို့ နိုလင်းဟေဇာအနေနဲ့ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ဆင်းသက်နိုင်တာဖြစ်ကြောင်း၊ ရန်ကုန်မြို့ကို လှည့်ပတ်ကြည့်ရှုပြီး ရန်ကုန်မှ နေပြည်တော်သို့ မော်တော်ယာဉ်နဲ့လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေကို ပိုမိုသိရှိမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ တည်ငြိမ်မှုရှိနေတာကို ကုလသမဂ္ဂက မြန်မာနိုင်ငံအရေး စိုးရိမ်ပူပန်မှုတယ်လို့ အမျိုးမျိုးထုတ်ပြန်ကြေညာနေတဲ့အပေါ် မိမိတို့အနေနဲ့ နားမလည်နိုင်ကြောင်း စစ်ခေါင်းဆောင်ကပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေ၊ ရပ်ရွာတွေကို မီးရှို့တဲ့ကိစ္စဟာ လုံးဝမှားယွင်းပြီး တပ်မတော် အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ ဒုက္ခသည်တွေကို ဒုက္ခရောက်အောင် နေအိမ်တွေမီးရှို့ဖျက်ဆီးတယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ပြည်သူလူထုရဲ့ နေအိမ်တွေကို မိမိတို့က မီးရှို့ဖျက်ဆီးတဲ့ အချက်ကို လုံးဝငြင်းဆိုကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်က အခုလို ငြင်းဆိုနေချိန်မှာပဲ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ပြည်သူလူထုတွေရဲ့နေအိမ်တွေကို အကြမ်းဖက်မီးရှိ့ ဖျက်ဆီးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013