ရခိုင်ပြည်နယ်၊ သံတွဲ၊ ငပလီမြို့နယ်၊ ဂျိတ္တောကျေးရွာမှာ သြဂုတ် ၁၈ ရက် ဒီနေ့မနက်ပိုင်းက လေပြင်းတိုက်ခတ်ပြီး ငါးဖမ်းစက်လှေတစီးနဲ့ နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဟုတ်တယ်။ ငါးဖမ်းစက်လှေ ၁ စီး နှစ်ပိုင်းကျိုးသွားတယ်။ လှေတချို့ကတော့ ကမ်းမှာ သောင်တင်သွားတယ်။ အိမ် ၂ လုံးကတော့ အုန်းပင်ကျိုးပြီး ပိမိတယ်။ လူအသေအပျောက်တော့ မရှိပါ။”
ဒီနေ့မနက် ၁ နာရီခွဲလောက်က လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းစပ်မှာ ကျောက်ချ ရပ်နားထားတဲ့ ငါးဖမ်းစက်လှေတစီး လေနဲ့ ကမ်းခြေကိုပါလာကာ ကျောက်ဆောင်နဲ့ တိုက်မိလို့ နှစ်ပိုင်းကျိုးသွားပြီး နောက်ထပ်လှေတွေကတော့ ကမ်းတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီစက်လှေဟာ ငပလီမြို့ ဂျိတ္တောရပ်ကွက်မှ ဦးဝင်းရွှေ (ခေါ်) ဦးညီပုရဲ့ စက်လှေဖြစ်ပြီး အလျား ၃၉ ပေ၊ အနံ ၈ ပေ၊ ဇောက် ၄ ပေရှိတဲ့ ငါးဖမ်းစက်လှေဖြစ်တယ်လို့ ဂျိတ္တောကျေးရွာ ဒေသခံတွေက ပြောပါတယ်။
လေပြင်းတိုက်ခတ်တဲ့ အရှိန်ကြောင့် ဂျိတ္တောကျေးရွာမှ လူနေအိမ်နှစ်လုံးလည်း အုန်းပင်ကျိုးကျ ပိမိပြီး အမိုးတွေ ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဟုတ်ပါတယ်။ လေပြင်းတိုက်တာကြောင့် အုန်းပင်တွေကျိုးကျပြီး နှစ်ထပ်အိမ်တလုံးနဲ့ မြေစိုက်နေအိမ် တလုံးကတော့ အနည်းအကျဉ်း ပျက်စီးသွားတယ်။”
လေဖိအားနည်းရပ်ဝန်းဟာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ၁ဝ နာရီခွဲက ထုတ်ပြန်ထားပါတယ်။