
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နဲ့ အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဩဂုတ် ၃ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ် ၃ စင်းအုပ်စုလိုက်နဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတယောက်က “အခု ဂျက်တွေဝဲပြီး ပစ်နေတုန်းမို့ ထိခိုက်မှု ရှိ၊ မရှိကို သွားကြည့်လို့ မရနိုင်သေးဘူး။ ဂျက်တွေမရှိတော့မှ သွားကြည့်လို့ရမှာ” လို့ ပြောပါတယ်။
သံတွဲမြို့ကို နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာကြောင့် ဒေသခံတွေ တနေ့ထက်တနေ့ ပိုပြီး စိုးရိမ်စိတ် မြင့်တက်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“ကြောက်တဲ့စိတ်နဲ့ တရက်မှ မအိပ်နိုင်တော့ဘူး။ အမြဲသတိဝီရိယနဲ့နေရတယ်။ လေယာဉ်လာရင် အချက်ပေးသံရှိရင် သိပ်ကောင်းမှာ။”
စစ်အာဏာရှင်တပ်က သံတွဲမြို့ကို ဒီနေ့မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှ စတင်ပြီး ဂျက်တိုက်လေယာဉ်တွေနဲ့ ခုအချိန်အထိ အုပ်စုလိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) ကလည်း ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီလောက်မှာလည်း သံတွဲမြို့နယ်၊ ရွှေလှေရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်တိုင် ပေါင် ၃၀၀ ဗုံး ၂ လုံးနဲ့ ပေါင် ၅၀၀ ဗုံးတလုံး အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်ကြောင့် မိသားစု ၃ ယောက်နဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတယောက် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။
အလားတူ ဇူလိုင် ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း ငပလီမြို့နဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တနှစ်ကျော်အရွယ် ကလေးငယ်တယောက်နဲ့ ဆရာတော်တပါး အပါအဝင် ပြည်သူ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၉ ရက် ညနေကလည်း သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။










