
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ငပလီမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ဆရာတော်တပါးနဲ့ ကလေး တယောက်အပါအဝင် အရပ်သား စုစုပေါင်း ၇ ယောက် ဒဏ်ရာ ရရှိခဲ့ကြပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော် (AA) က ဇူလိုင် ၂၃ ရက် ညနေပိုင်းမှာ ထုတ်ပြန် ပါတယ်။
ငပလီမြို့၊ ဂျိတ္တော အမှတ် (၅) ရပ်ကွက်ရှိ ပုလဲရတနာ (ဘက) ဘုန်းကြီးကျောင်းအနီးကို မွန်းလွဲ ၂ နာရီမှာ ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်လာရောက်ပြီး ဗုံး ၂ လုံး ကြဲချခဲ့သလို၊ မွန်းလွဲ ၁ နာရီခွဲမှာ လင်းသာရပ်ကွက်ရှိ Az Family Resort ကို ဂျက်တိုက်လေယာဉ် တစင်းနဲ့ ဗုံး၂ လုံး ကြဲ တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ပြောထားပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂျိတ္တော အမှတ် (၅) ရပ်ကွက်ရှိ ပုလဲရတနာ ဘုန်းကြီးကျောင်းနဲ့ အိမ် ၈ ဆောင် ပျက်စီးခဲ့ကာ ဘုန်းကြီး တပါး၊ ကလေးတယောက်အပါအဝင် ဒေသခံ ၆ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့သလို၊ လင်းသာရပ်ကွက်မှာလည်း Az Family Resort က ဘန်ဂလိုတချို့နဲ့ အနီးနားရှိ ပြည်သူ့အိမ်တချို့ ပျက်စီးခဲ့ပြီး အရပ်သားတယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ငပလီမြို့ခံ အမျိုးသားတယောက်က "ပထမ ၁၂ နာရီမှာ ဂျိတ္တောကို ၂ ကြိမ်လာကြဲတယ်။ နောက် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ လင်းသာကို နောက်တကြိမ် လာကြဲတာ။ ဂျိတ္တောက ပုလဲရတနာ (ဘက) ကျောင်းမှာ ၂ လုံးကျတယ်။ နောက် လင်းသာဘက်က Az Family ဟိုတယ်မှာ ၂ လုံးကျတယ်။ သေဆုံးမှုတော့ မရှိဘူး။ ဆရာတော်တပါးရယ်၊ ကလေးတယောက်နဲ့ နောက်ထပ် ၅ ယောက် စုစုပေါင်း ၇ ယောက်ဒဏ်ရာရသွားတယ်။ ပုလဲရတနာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ အပါအဝင် Az Family ဟိုတယ်က အဆောင်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ ဗုံးကြဲတာကြောင့် ဒေသခံတွေကတော့ စိုးရိမ်ထိတ်လန့်သွားကြတယ်" လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသွားသူတွေကတော့ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်က ဆရာတော် ခေမာနန္ဒ (သက်တော် ၄၅ နှစ်)၊ မောင်လင်းထက်ပိုင် (၁ နှစ်)၊ ဒေါ်ညိုထွီး (၅၃ နှစ်)၊ ဦးဝင်းအောင် (၅၀ နှစ်)၊ အောင်ကိုလင်း (၂၄ နှစ်)၊ မစိုးခိုင် (၂၃ နှစ်) နဲ့ ဦးရွှေထုံ (၇၄ နှစ်) တို့ ဖြစ်ကြပါတယ်။
ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ တောင်မော်ကြီး ရေတပ်အနီး ပတ်ဝန်းကျင် ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေမှာ အရေးနိမ့်နေတာ၊ ငြိမ်းချမ်းရေး ဖိတ်ခေါ် မရတာတွေကြောင့် လေကြောင်းကနေ အရပ်သားတွေကို ဖိအားပေး တိုက်ခိုက် လာတာ ဖြစ်တယ်လို့ ရခိုင်စစ်ရေး အကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။
"စစ်တပ်အနေနဲ့ အခု ရက် ၁၀၀ ဆိုပြီး ငြိမ်းချမ်းရေးခေါ်နေတာ ရှိတယ်။ အဲဒီ ဖိတ်ခေါ်မှုကို အာရက္ခ တပ်တော်ဘက်က လက်မခံတာ၊ နောက် အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ အထိနာ နေတာတွေကြောင့် ရခိုင်ပြည်သူတွေ၊ မြို့ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးဖို့ တိုက်ခိုက်လာတာ။”
စစ်အာဏာရှင်တပ်ဟာ ဇူလိုင် ၁၉ ရက် ရက်တည်းမှာ ရခိုင်ပြည်နယ်က သံတွဲ၊ မအီနဲ့ ပုဏ္ဏားကျွန်း မြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ယောက် သေဆုံးပြီး ၂၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၀ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာအနီးက ရမ်းချောင်းတောင်တန်းကို လေယာဉ် အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်အာဏာရှင်တပ်အနေနဲ့ တဖက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးနေပေမဲ့ တဖက်မှာ မြေပြင်ကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက် အပြောနဲ့ အလုပ် ထပ်တူမကျဘဲ ဖြစ်နေတယ်လို့ အာရက္ခတပ်တော်ဘက်က ပြောပါတယ်။











