DVB Logo
Home
မြန်မာသတင်း
စစ်တပ်က နှစ်ရက်ဆက်မီးရှို့သဖြင့် ငတရော်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံး
DVB
·
August 18, 2022
စစ်တပ်က နှစ်ရက်ဆက်မီးရှို့သဖြင့် ငတရော်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ငတရော် (ငတမျှော်) ကျေးရွာကို စစ်ကောင်စီတပ်တွေက သြဂုတ် ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငတရော်ကျေးရွာခံအမျိုးသမီးတယောက်က “ကျမတို့ ငတမျှော်ရွာကို စစ်(...)နဲ့ ပျူ(...)အင်အား ၈၀ လောက်ဟာ မနေ့က သြဂုတ်လ ၁၇ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ လက်နက်ကြီးတွေက တောထဲတွေကော ရွာထဲတွေပါကျတယ်။ အဲဒီလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ ကျမတို့ပြည်သူတွေဟာ ကျွဲနွားတွေကိုလွှတ်ပြီး ဘာပစ္စည်းမှ မသယ်နိုင်ဘဲ ဘေးလွတ်ရာကို ထွက်ပြေးလာကြရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တောထဲတွေမှာလည်း နွားတွေပါ လက်နက်ကြီးထိမှန်ခဲ့ပြီး မနက် ၁၁ နာရီလောက်မှာတော့ ရွာမြောက်ဖျား ဆီစက်၊ ဆန်စက်တွေကနေ စပြီးမီးရှို့လိုက်တာ သြဂုတ် ၁၈ ရက် မွန်းလွဲ ၁ နာရီကျော်ထိ မီးမငြိမ်းသေးဘဲ အခုအထိ လက်နက်ကြီးတွေနဲ့ တောထဲတွေအထိ လိုက်ပစ်တာကြောင့် တောထဲက ချိုင့်နေရာလေးတွေမှာ ပုန်းနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးလို့ ငတရော်ရွာက အိမ်ခြေ ၆၀၀ ကျော်လောက်ရှိတဲ့အထဲက ရွာအပြင်မှာကွဲနေတဲ့ နေအိမ် ၅ လုံးလောက်ပဲ ကျန်ပြီး ကျန်တဲ့ မီးမလောင်သေးတဲ့ နေအိမ်တွေကိုလည်း မီးကျည်သေနတ်တွေနဲ့ ပစ်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ပြောပါတယ်။

“ရွာအပြင် ငှက်ပျောတောတွေမှာ ဝှက်ထားတဲ့ ထော်လာဂျီတွေ၊ ဖောကားတွေ၊ ထွန်စက်တွေနဲ့ စပါးပုတ်တွေကိုလည်း မီးရှို့ဖျက်ဆီးကြသလို ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ ဆန်စပါးတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေအားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတ​ယ်။ ဘုန်းကြီးကျောင်းမှာနေနေတဲ့ ရွာသား ၇ ယောက်လောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းခေါ်သွားတယ်။ သူတို့ကတော့ ပြည်သူပြည်သားတွေကို ဆင်းရဲဒုက္ခရောက်အောင် တမင်သက်သက် လုပ်ကြတာ။ ကျမတို့ရွာဆိုရင် ကိုယ့်တောင်သူလုပ်ငန်းကိုပဲ လုပ်ကိုင်ပြီး စစ်ကောင်စီနဲ့ ပတ်သက်လို့လည်း ဘာမှ အငြိုးမထားတာကို ရွာသူရွာသားတွေ ဆင်းရဲမွဲတေအောင် လုပ်ကြတာ” လို့ ပြောပါတယ်။

လက်နက်ကြီးတွေကျရောက်ပြီး ထွက်ပြေးလာကတည်းက ဘာပစ္စည်းမှ ပါမလာလို့ သစ်ပင်အောက်တွေနဲ့ လှည်းနားလေးတွေ၊ ရေနဲ့နီးတဲ့ နေရာလေးတွေမှာ ဖြစ်သလို နေနေကြရတယ်လို့ ဆိုပါတယ်။

“ကျမတို့ရွာက ဆန်ပေါပေမဲ့လည်း အသက်လုပြီး ထွက်ပြေးလာရလို့ စားစရာဆန်လည်း ပါမလာသလို နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားလို့ ငိုယိုနေကြတာကြောင့် ထမင်းတောင် ချက်မစားဖြစ်ပါဘူး။ ကျမတို့အနေနဲ့ကတော့ ရွာအပြင်မှာ မီးမလောင်တဲ့နေရာတွေနဲ့ ဘုန်ကြီးကျောင်းထဲတွေမှာပဲ တိုင်လေးတွေ၊ မိုးကာလေးတွေ၊ ထန်းကလက်အမိုးလေးတွေနဲ့ပဲ နေထိုင်ကြရတော့မယ်” လို့ ‌ငတရော်ကျေးရွာ ဒေသခံ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

ရေစကြို-PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်အာကာက “စစ်(...)တွေဟာ သူတို့ကို တော်လှန်တဲ့ PDF တွေကို ပြည်သူလူထုက ရိက္ခာတွေ မထောက်ပံ့နိုင်အောင် ဖြတ်လေးဖြတ် လုပ်တဲ့သဘောပါပဲ။ ခုတော့ ပြည်သူတွေဟာ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ မိသားစု စားဝတ်နေရေးအတွက်ပဲ လုံးပန်းရတော့မှာဆိုတော့ PDF ကို မထောက်ပံ့နိုင်တော့ဘူး ဆိုတာမျိုး လုပ်ကြတာ။ ပြည်သူတွေရဲ့ ဘဝကို ရိုက်ချိုးပြီး ပြာပုံထဲရောက်အောင် လုပ်ကြတာ။ သူတို့မီးရှို့နေတဲ့ ပုံစံအတိုင်းဆိုရင် ငတမျှော်ကျေးရွာ တရွာလုံး ပြောင်လောက်တယ်။ မနေ့မနက်ပိုင်းကစလို့ အခုအချိန်ထိ ရွာမြောက်ဖျားကနေ တရွာလုံးကို အငြိုးနဲ့ မီးရှို့ဖျက်ဆီးနေကြတာ” လို့ ပြောပါတယ်။

ရေလယ်ကျွန်းဒေသက ရွာတွေကို မီးရှို့ဖျက်ဆီးတာရဲ့ အဓိက တရားခံဟာ မင်းရွာက ပျူစောထီးခေါင်းဆောင် မျိုးဝင်းခိုင် ဖြစ်ပြီး သူက ဒီကျွန်းပေါ်မှာ နေမရလို့ စစ်တပ်ထဲကို ထွက်ပြေးရတဲ့ အငြိုးတွေနဲ့ ဒီကျွန်းကိုပတ်ပြီး ဒုက္ခပေးနေတဲ့အတွက် သူ့ကိုတော့ ဘယ်နည်းနဲ့မှ ခွင့်လွှတ်ပေးလို့ မရဘူးလို့ ဆိုပါတယ်။

“စစ်ကောင်စီစစ်ကြောင်း ထွက်သွားလို့ လုံခြုံပြီဆိုရင်တော့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး မီးငြှိမ်းသတ်ပြီး ပစ္စည်းသယ်တာတွေ၊ ရှင်းလင်းတာတွေ ကူလုပ်ပေးမယ်။ ပြီးရင် သူတို့ရဲ့ စားဝတ်နေရေးနဲ့ နေအိမ်တွေ တည်ဆောက်ဖို့အတွက် ကျနော်တို့ ရန်ပုံငွေထဲကလည်း လှူပေးပြီး အလှူလည်းခံပေးမယ်။ ကျနော်တို့ကတော့ ပြည်သူတွေနဲ့ တသားတည်းပါပဲ” လို့ ဗိုလ်အာကာက ပြောပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ လှေခုတ်ရွာကိုလည်း သြဂုတ် ၁၃ ရက် မနက်ပိုင်းနဲ့ ၁၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၉၀ အရွယ် အဘွားအိုတယောက် မီးထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေလယ်ကျွန်းဒေသ နေရင်း၊ မင်းရွာနဲ့ ဆင်တဲရွာတွေမှာ တပ်စွဲပြီး စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ၇,၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013