DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ပြည်သူအတွက် အကျိုးမရှိဟု NUG ဝန်ကြီး ဝေဖန်
DVB
·
August 18, 2022
ကုလအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ပြည်သူအတွက် အကျိုးမရှိဟု NUG ဝန်ကြီး ဝေဖန်
Donate to DVB

ကုလအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ မြန်မာနိုင်ငံကို လာရောက်တာဟာ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို စစ်ခေါင်းဆောင်ကို လာပြောပြတဲ့ အခြေအနေသာဖြစ်ပြီး ပြည်သူတွေအတွက် ဘာမှအကျိုးမရှိနိုင်ဘူးလို့ NUG လူ့အခွင့်အရေးဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနဲ့ စစ်ခေါင်းဆောင်တို့ ဩဂုတ် ၁၇ ရက်က တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အထူးကိုယ်စားလှယ်ရုံးက ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း၊ ဒီမိုကရေစီအရေး ဆောင်ရွက်သူ ၄ ယောက်ကို သေဒဏ်ပေးတာမျိုး နောက်ထပ်မလုပ်ဖို့ စစ်ကောင်စီကို တိုက်တွန်းတဲ့အကြောင်း ကုလအထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို တိုက်ရိုက် ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်ကို သေချာလေ့လာကြည့်ရင် ဘာမှထူးခြားတာမပါဘဲ အပေါ်ယံသဘောမျိုးဖြစ်နေပြီး ကုလရဲ့ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုရှိတယ်ဆိုတာ စစ်ကောင်စီကို လာပြောပြတဲ့သဘောသာ ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ကုလအထူးကိုယ်စားလှယ်က ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ခေါင်းဆောင်ကို အထူးအလေးပေး ပြောကြားခဲ့တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီရဲ့ ရပ်တည်မှုကို အသိအမှတ်ပြုဖို့ မဟုတ်ဘဲ စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အဓိက ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုကို ခံထားရတဲ့ စစ်ကိုင်းတိုင်းအတွင်း PDF ခေါင်းဆောင်တယောက်ကတော့ ပြည်သူတွေလိုချင်တာ စားဝတ်နေရေးထောက်ပံ့မှု မဟုတ်ဘဲ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ကုလအထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာတွေ၊ နေအိမ်တွေကို အကြမ်းဖက်မီးရှို့နေတာတွေ၊ ပစ်ခတ်သတ်ဖြတ် နေတာတွေကို ရပ်တန့်ပေးဖို့ တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။ စစ်အာဏာသိမ်းပြီး ၁၈ လကျော်အကြာ ထောင်နဲ့ချီတဲ့ပြည်သူတွေ သတ်ဖြတ်ခံရပြီး သောင်းနဲ့ချီတဲ့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကို ကုလသမဂ္ဂနဲ့ တာဝန်ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ လက်ပိုက်ကြည့်နေတာကတော့ မေးခွန်းထုတ်ချင်စရာ ဖြစ်တယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီဝင်တယောက်က ပြောပါတယ်။

ဒေါက်တာနိုလင်းဟေဇာရဲ့ တိုက်တွန်းတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာမျိုးကိုတော့ မတွေ့ရသေးပါဘူး။

ဩဂုတ် ၁၇ ရက် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာတော့ ကုလက စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုမှုနဲ့ လာရောက်တွေ့ဆုံတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီကို တရားဝင် အသိအမှတ် ပြုလိုက်တာမျိုး ဖြစ်သွားမှာကို စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ ကုလအထူးကိုယ်စားလှယ်ရုံးက စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားဖို့ စီစဉ်ထားပြီး ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ဖန်တီးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်ကို ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013