DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား စက်သုံးဆီဆိုင်များတွင် တန်းစီစနစ်ဖြင့် ဆီထုတ်ယူပြီး ပြင်ပ၌ဈေးတင်ပြန်ရောင်းချနေ
DVB
·
August 18, 2022
မြစ်ကြီးနား စက်သုံးဆီဆိုင်များတွင် တန်းစီစနစ်ဖြင့် ဆီထုတ်ယူပြီး ပြင်ပ၌ဈေးတင်ပြန်ရောင်းချနေ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က စက်သုံးဆီဆိုင်တွေမှာ တန်းစီစနစ်နဲ့ ဆီထုတ်ယူကာ ဆိုင်အနီးမှာပဲ ဈေးတင်ရောင်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်တာ၊ အကန့်အသတ်နဲ့ ရောင်းချတာတွေ ကြုံတွေ့နေရပြီး ဆိုင်ကယ်တွေနဲ့ အကြိမ်ကြိမ်တန်းစီ ဆီထုတ်ယူနေကာ ဆိုင်အနီးမှာပဲ ဈေးတင်ပြန်လည်ရောင်းချနေတယ်လို့ ဆိုပါတယ်။

ဆီတန်းစီသူ အမျိုးသမီးတယောက်က “ဆီပန့်ဆိုင်ကြီးတွေမှာက တန်းစီစနစ်နဲ့ အချိန်ကန့်သတ်ပြီး ဆီရောင်းပေးတယ်။ လီတာနဲ့တောင် မဟုတ်တော့ဘူး။ တစီးကို နှစ်ထောင်ဖိုး သုံးထောင်ဖိုး ရောင်းပေးတယ်။ အဲ့ဒီမှာ တချို့ဆိုင်ကယ်တွေက အတင်းတိုး တန်းစီ၊ ဆီထည့်ပြီးရင် အဲ့နားမှာပဲ ဆိုင်ကယ်ထဲကဆီကို ပိုက်နဲ့စုပ်ထုတ်ပြီး ပြန်ရောင်း။ ခုနက ဆီထုတ်ပြီးသားဆိုင်ကယ်က အတင်းပြန်တိုးပြီး ဆီထုတ် ပြန်ရောင်းနဲ့ ဖြစ်နေတာ” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့က စက်သုံးဆီ ပန့်ဆိုင်ကြီးတချို့ဟာ ဆိုင်ဖွင့်လှစ်ထားပြီး ဆီရောင်းချမှုမရှိဘဲ တချို့ဆိုင်တွေမှာသာ ဆီလက်ကျန်နည်းပါးတဲ့အတွက် အကန့်အသတ်နဲ့ ရောင်းချနေချိန်မှာ လမ်းဘေး ဆီဆိုင်ငယ်လေးတွေမှာတော့ တန်ဖိုးမြင့်မားစွာနဲ့ ဆီအကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။

ရန်ကြီးအောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတယောက်က “စက်သုံးဆီ ပြတ်လပ်တာတွေ ကြုံရပြီးနောက်ပိုင်းမှာ လမ်းဘေးဆီဆိုင်လေးတွေ အတော်များများ တွေ့လာရတယ်။ အဲ့ဒီဆိုင်လေးတွေက ဆီဆိုင်ကြီးတွေမှာ အကြိမ်ကြိမ်တန်းစီပြီး သူတို့ဆိုင်လေးတွေမှာ ဈေးတင်ပြီးရောင်းတယ်။ 92 ဆီ တလီတာ ၆,၀၀၀ ပတ်ဝန်းကျင်နဲ့ ကြိုက်သလောက် ဝယ်လို့ရတယ်” လို့ ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ သြဂုတ် ၁၈ ရက်အတွက် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းဟာ မြစ်ကြီးနားမြို့နယ်မှာ 92 တလီတာကို ၂,၄၁၅ ကျပ်လို့ ထုတ်ပြန်ထားပေမဲ့ စက်သုံးဆီ ရောင်းချပေးနေတဲ့ ဆီပန့်ဆိုင်တချို့မှာတော့ လီတာနဲ့ မရောင်းချပေးတော့ဘဲ ဆိုင်ကယ်တစီးကို ၂,၀၀၀ ကျပ်ဖိုး၊ ၃,၀၀၀ ကျပ်ဖိုး ရောင်းချပေးနေပြီး လမ်းဘေးဆီဆိုင်လေးတွေမှာတော့ တလီတာ ၆,၀၀၀ ကျပ်နဲ့ လိုသလောက် ဝယ်ယူနိုင်ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင် ၁၅၀ ကျော်ရှိကာ မြစ်ကြီးနား မြို့နယ်အတွင်း လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင် ၃၀ ကျော် ရှိပေမဲ့ အချိန်အကန့်အသတ်နဲ့သာ ရောင်းချတဲ့အတွက် ပြည်သူတွေအနေနဲ့ စက်သုံးဆီရရှိရေး တန်းစီတိုးဝှေ့ ဝယ်ယူနေရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄၊ ၁၅ ရက်တွေမှာ စက်သုံးဆီတင်သင်္ဘော ၅ စီး ဆိုက်ကပ်ကာ ဂါလန် ၁၃ သိန်း လောက် ဆိပ်ကမ်းချနေပြီး ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ စက်သုံးဆီတန်ချိန် ၄၃,၀၀၀ ထပ်မံဝင်ရောက်လာဖို့ ရှိသလို အရန်ဆီလည်း အသင့်ရှိတာကြောင့် ဆီပြတ်လပ်မှာကို မစိုးရိမ်ကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပေမယ့် ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ်အတော်များများက ဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေ မကြာခဏဖြစ်နေပြီး ဆီဈေးနှုန်းကြီးမြင့်တာ၊ လိုအပ်တဲ့ဆီ အမျိုးအစားမရှိတာ၊ လိုသလောက် ဝယ်မရတာ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီဝယ်ယူရတာ စတဲ့ အခက်အခဲတွေ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013