DVB Logo
Home
Lead Story
တက်ခေတ်နတ်ဆိုး ကြင်စိုးမအလ (သရော်စာ)
DVB
·
August 18, 2022
တက်ခေတ်နတ်ဆိုး ကြင်စိုးမအလ (သရော်စာ)
Donate to DVB

“အေး . . . မူးသာတို့ သိမ်းမောင်တို့ပါလား၊ လာကြဟေ့ လာကြ”

“ဒီမှာ ‘ဖေကြီး’ လည်း ပါတယ်ဘုရာ့”

“အိမ်း . . . အိမ်း . . . ဆိုင်ကယ်သံမကြား ဘာမကြားနဲ့ဆိုတော့ နင်တို့ ကျောင်းထဲဝင်လာတာ မသိလိုက်ဘူးဟ”

“အခု ‘ခြေကျင်’ ကြွလာကြတာလေ၊ ဆီဖိုးမတတ်နိုင်ကြတော့ဘူး ဘုရား . . . . . ဟား ဟား ဟားဟား ဟားဟား .. .”

“.  .  .  .  .  .  .”

မြဝတီ TV ကြည့်တော်မူနေသည့် တောင်ကျောင်းကိုယ်တော်ကား အဘစောမူးသာ၏ လျှောက်တင်ချက်ကို ကြားနာပြီးနောက်မှာ ပါးစပ်ပိတ်တော်မူသွားပါလေတော့၏။

“ဒီနေ့ တပည့်တော်တို့အိမ်ရဲ့ ဆွမ်းချိုင့်အလှည့်မို့ ဆွမ်းလာကပ်တာပါ ဘုရာ့”

“အေး အေး . . . ဟဲ့ ကပ္ပိရ . . . ဆွမ်းချိုင့်လှယ်ပြီး ဆေးကြောပေးလိုက်အုံးဟ”

အဘစောမူးသာ၏ မျက်နှာမှာ ပြုံးစိ ပြုံးစိကြီးပါ ခင်ဗျ။ ‘စိမ်းသရဖူစိမ်းကိုယ်တော်’ ကြီးတော့ မျက်ခုံးလှုပ်ရော့မည်။ ‘စိမ်းဆိုမှစိမ်း’ အဘစိမ်းမောင်လည်း အဘစောမူးသာ အပြုံးကို မြင်လိုက်ပါပေ၏။ အဘစောမူးသာက စကား စပါ၏။

“ဆွမ်းဟင်းကိုတော့ သည်းခံတော်မူပါ အရှင်ဘုရား . . . အရှင်ဘုရား နှစ်သက်တော်မူတဲ့ ဝက်သားသုံးထပ်သားတို့ အမဲသားမိုးခိုသားတို့ ဆိတ်ကလီစာတို့အနားကို မကပ်နိုင်တော့တဲ့ အခြေအနေသောင်ကမ်းကို ဆိုက်ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီအပတ်လည်း ‘ရွှေခေါင်းပြောင်’ ပါပဲ ဘုရာ့”

“  .  .  .  .  .  .  .”

ဆရာတော်ကား ဒုတိယမ္ပိ နှုတ်ဆိတ်တော်မူကာ ဘာမှမကြားသလို ကွမ်းကို ယာတော်မူနေပါလေ၏ ခင်ဗျာ။ အဘစိမ်းမောင်က အဘစောမူးသာကို အသာလက်ကုတ်၏။ အဘစောမူးသာကား ဤသို့တား၍ရမည့်သူမဟုတ်ကြောင်း ငယ်ပေါင်းချင်း ကောင်းကောင်းကြီး သိပါလေ၏။

“အရင်ခေတ်ကဆိုရင် ဘယ်သွားသွား မော်တော်ဆိုင်ကယ်လေးနဲ့ပေါ့ ဘုရာ့၊ ဆီဈေးကလည်း လူတိုင်း လက်လှမ်းမီတယ်လေ၊ အရင်ခေတ်က ဆီ ရေသန့်ဘူးတဘူးကို တထောင်ပဲရှိတာ၊ အခုတော့ သုံးဆလောက် တက်သွားပြီ ဘုရာ့၊ ခုဆို ဝယ်လို့တောင်မှ မရတော့ပါဘူး”

စိမ်းသရဖူစိမ်းကိုယ်တော်ကား တတိယမ္ပိ တေမိဇာတ်ကို ခင်းနေပါလေ၏။ အဘစောမူးသာကား စက်သုံးဆီဈေးနှုန်းတွေ၊ အခြေခံစားသုံး ကုန်ဈေးနှုန်းတွေကအစ ဓာတ်မြေသြဇာဈေးနှုန်းတွေ၊ အပင်အားဆေးဈေးနှုန်းတွေ၊ ပိုးသတ်ဆေးဈေးနှုန်းတွေအလယ် ကော်ဖီမစ်ဈေးနှုန်းအထိအဆုံး ရှိရှိသမျှ သည်ခေတ်မှာ သုံးဆအထိ ခုန်တက်ရောက်ရှိလာလေရာ များမကြာမီအချိန်အတွင်း လူတွေ ‘ဘယ်လိုသွား’ ပြီး ‘ဘယ်လိုစား’ ကြရပါတော့မလဲဟု ပြောလျှောက် လျှောက်နေပါလေ၏။

“အိမ်း . . . . . .”

စိမ်းသရဖူစိမ်း အစိမ်းချစ်ဆရာတော်နှုတ်မှ ‘အိမ်း’ တလုံး ရှားရှားပါးပါး ထွက်ကျလာပြီး သကာလ တခုခုမိန့်ရန် နှုတ်ခမ်းတော်ကို တပြင်ပြင်ပါလေ။ ‘အစိမ်း’ ပါတီကို နှစ်သက်အားပေးပြီး ‘အစိမ်းပုတ်ရောင်’ ယူနီဖောင်းနှင့် ပခုံးပေါ်မှာ အပွင့်တွေ အခက်တွေ အခွေတွေ ရှုပ်ယှက်ခတ်နေသူတွေကို အထင်ကြီးမြဲကြီးလှသည့် ရွာသားတွေအခေါ် ‘ဦးအစိမ်းတ’ ကိုယ်တော်ကား သူမိန့်တော်မူမည့် စကားကို စဉ်းစားကာ စာစီနေပုံပါလေ။

“အေးကွ မူးသာရ . . . အဲသည် ကုန်ဈေးနှုန်းတွေ မကြာခင် ပြန်ကျတော့မှာတဲ့ ကွ”

“အဲ . . . အဟုတ်လားဘုရား . . အရှင်ဘုရားကို ဘယ်သူပြောတာလဲ ဘုရား”

“အဲ . . . အခု TV ကနေ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြောတယ်၊ ဆရာမိုးဟိန်းကလည်း ပြောတယ်၊ အောင်မင်းကလည်း ပြောတယ်ကွ”

“သြော် . . . အင်း . . . အဲဒီကောင် . . . အဲ. . . အဲသည်လူတွေပြောတာကို အရှင်ဘုရား ယုံကြည်သလား . . ဖြစ်နိုင်မယ်လို့ကော ထင်သလား”

“အေး . . သူတို့ကတော့ ပြောနေကြတာပဲ”

အဘစောမူးသာ၏ မျက်နှာကြီးကား နဂိုအပြုံးမှသည် ပို၍ သာ၍ လွန်၍ ပြုံးလာပါလေ၏။ အဘစိမ်းမောင်က မျက်ရိပ်ပြ၏၊ ထပ်မံ၍လက်ကုပ်၏။ “ပြန်ကြမည်” ဟု အရိပ်အရောင်ပြ၏။ အဘစောမူးသာကား စကားကုန်သေးပုံမရ။ ပြုံးစနန လုပ်နေဆဲပင်။

ပြီးတော့ ဆေးပေါ့လိပ်ကို မီးညှိရန် ကပ္ပိယကြီးထံမှ မီးခြစ်တောင်းကာ မီးညှိရင်း ပြုံးနေပြန်ပါလေ၏။ တဖွာ ဖွာကာ မျှင်း၍ရှိုက်လိုက်ပြီး မီးခိုးတွေ တန်းနေအောင် မှုတ်ထုတ်ရင်းမှ စကားဟလာပါ၏။

“ဟောသည် ‘ဂက်စ်’ မီးခြစ်နော်၊ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်က တလုံးကို တရာ့ငါးဆယ်ပဲ ပေးရတယ်၊ အခုလေးရာ့ငါးဆယ်၊ ငါးရာ ဖြစ်နေပြီ ဘုရာ့”

“  .  .  .  .  .  .  .”

စိမ်းဆိုမှစိမ်းကိုယ်တော်ကား စတုတ္ထအကြိမ်မြောက် နှုတ်ခမ်းတော်ကို စိထားကာ ကျောင်းအောက်သို့ ငေးတော်မူနေပါလေ၏။ သူ၏ဒကာတော်ကြီး မအလလက်ထက်မှာ အစစအရာရာ တိုး၍တက်တော်မူနေပြီး ပြည်သူလူထုမှာ တိုး၍ ‘ငတ်’ လာနေတာ ဘယ်သူတွေရဲ့လက်ချက်လဲ ဆိုတာကိုများ ဘေးချော်၍ တွေးတော်မူနေတာလားမသိ။

သို့ပေမည့် ယခုအထိ ကြင်စိုး သာဝ မအလကို အပြစ်မမြင် ချစ်ခင်တော်မူနေဆဲ ထင်၏။ တိုင်းပြည်နှင့် လူထု ယခုလိုအခြေအနေအထိ ရောက်ရှိအောင် ဆွဲချခဲ့လေသည့် အဓိကခေါင်းဆောင် ‘မအလစောရမောင်မောင်’ ကို ဘယ်အချိန်ကျကာမှ အပြစ်တော်မြင်မည် မသိ။

သို့ဖြင့် စိမ်းသရဖူဆရာတော်ကို ဦးချကာ ပြန်ကြတော့မည့်အကြောင်း လျှောက်ထားကြပါ၏။ ထိုအခါကျမှပဲ အဘစိမ်းမောင်လည်း ပြုံးလာပါလေတော့၏။ မတ်တပ်ရပ်ပြီးသည်နှင့် အဘ စောမူးသာက လက်အုပ်ကလေးပြန်ချီကာ လျှောက်ထားသည့်စကားကို ဤသို့ကြားရပါလေတော့၏ ခင်ဗျာ။

“နောက်တခါ ဆွမ်းအလှည့်ရက်ကျရင်လည်း ‘ရွှေခေါင်းပြောင်’ ပဲ ဖြစ်ဖို့များတယ်ဘုရာ့၊ ဒါပေမဲ့ အခုလိုမျိုး ရွှေခေါင်းပြောင် ‘ကြက်ဥ’ အစား ‘ငုံးဥ’ ဖြစ်ဖို့ များသွားပါပြီ ဘုရား”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013