
ဖိလစ်ပိုင်နဲ့ စစ်ရေးပဋိပက္ခဖြစ်လာရင် တရုတ်က အသာလေး အနိုင်ယူနိုင်တယ်လို့ ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဂျင်းချွမ်က ပြောလိုက်ပါတယ်။
တရုတ်သံအမတ်က အောက်တိုဘာ ၁၅ ရက်မှာ မနီလာမြို့တော်ဒေသ ကွီဇွန်မြို့က ကျောင်းတကျောင်းမှာ မိန့်ခွန်းပြောပြီးနောက် သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။
တရုတ်သံအမတ်က“ကျနော်တို့ အင်အားသုံးချင်ရင် အသာလေး အနိုင်ယူနိုင်ပါတယ်၊ ဒါပေမဲ့ အင်အားသုံးမှာ မဟုတ်ပါဘူး၊ ကျနော်တို့က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီဒေသမှာ တရုတ်လို အိမ်နီးချင်းနိုင်ငံ ရှိနေတာ ကံကောင်းတယ်လို့ ယူဆ သင့်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တရုတ်သံအမတ်ရဲ့ ပြောကြားချက်ဟာ စစ်ရေးအင်အား သုံးမယ်လို့ သွယ်ဝိုက်ခြိမ်းခြောက်သလို ဖြစ်နေပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အထောက်အကူ မပြုဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျေးတာရီယဲလာကလည်း ဒါဟာ တိုက်ရိုက် ခြိမ်းခြောက်မှုဖြစ်ပြီး ဖိလစ်ပိုင်ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတာကြောင့် စစ်ရေးအင်အား မသုံးတာနဲ့တင် ငြိမ်းချမ်းရေးလို့ မခေါ်နိုင်ဘူးလို့ ပြောပါတယ်။
တရုတ်သံရုံးကတော့ သံအမတ်ရဲ့ ပြောကြားချက်ကို အဓိပ္ပာယ်လွဲအောင် ဖော်ပြတာဖြစ်ပြီး တရုတ် အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ဖို့သာ လိုလားတယ်လို့ ပြောပါတယ်။
ဒီမတိုင်ခင် အောက်တိုဘာ ၁၄ ရက်မှာ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုက တရုတ်ဟာ ဒေသတွင်း ပြဿနာဖန်တီးသူဖြစ်ပြီး တောင်ပစိဖိတ်ဒေသအထိ ဝင်ရောက်စွက်ဖက်ကာ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေလည်း လုပ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
တရုတ်သံအမတ်ကတော့ ဒီစွပ်စွဲချက်ဟာ အဓိပ္ပာယ်မရှိဘူးလို့ ပယ်ချခဲ့ပြီး ဖိလစ်ပိုင်က တရုတ် အလုပ်သမားတွေနဲ့ ဆရာတွေကို နှောင့်ယှက်နေတယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြပါတယ်။ တရုတ်က မျဉ်းကိုးကြောင်းနယ်နိမိတ်အတွင်း သမိုင်းအစဉ်အလာအရ ပင်လယ်ပြင်အခွင့်အရေး တောင်းဆိုနေတာဟာ ဥပဒေကြောင်းအရ အခြေခံမရှိဘူးလို့ ၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာ အနုညာတခုံရုံးက ဆုံးဖြတ်ခဲ့ပေမဲ့ တရုတ်ကတော့ လက်မခံခဲ့ပါဘူး။
Source:Reuters











