DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားမည်
DVB
·
August 18, 2022
ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားမည်
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နိုလင်းဟေဇာဟာ မြန်မာနိုင်ငံခရီးစဉ်အပြီး အခုလနှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်ကာ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုသွားရောက်ဖို့ ရှိပါတယ်။ 

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ သြဂုတ် ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးဆွေးနွေးခဲ့ပြီး  နေရပ်စွန့်ခွာသွားသူတွေ  မြန်မာပြည်ကို ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေတွေကို ဖန်တီးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်ကို ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ စစ်တပ်က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

စစ်တပ်ရဲ့ ဒီစစ်ဆင်ရေးအတွင်း အရပ်သားတွေကို သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တဲ့ သက်သေအထောက်အထားတွေကို လူ့အခွင့်အရေးအဖွဲ့တွေက စုဆောင်းရရှိခဲ့ပါတယ်။ ဒီလို စစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် မြန်မာနိုင်ငံကို ဂမ်ဘီယာက နယ်သာလန် နိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့တရားရုံး (ICJ) မှာ တရားစွဲထားပြီး အမှုကို ဆက်လက် စစ်ဆေးဖို့ တရားရုံးက အရင်လက ဆုံးဖြတ်ထားပါတယ်။

သြဂုတ် ၁၆ ရက်ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး မစ်ချယ်လ်ဘက်ချ်လက်ဟာ သူ့ရဲ့ လေးရက်တာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ကော့ဘဇာမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။ ဒီဒုက္ခသည်စခန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းမှာ တည်ရှိပြီး၊ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလည်း ဖြစ်ပါတယ်။

နိုလင်းဟေဇာရဲ့ ဒီလကုန်ပိုင်း ရိုဟင်ဂျာဒုက္ခသည်စခန်းကိုသွားတဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရဲ့ ခရီးစဉ်နောက်ပိုင်း ကုလသမဂ္ဂ ထိပ်တန်းသံတမန်တဦးရဲ့ ခရီးစဉ် ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာ နေရပ်စွန့်ခွာ ဒုက္ခသည်တွေကို ဘာချာရှာကျွန်းကို ပို့ဆောင်နေတာကို နိုင်ငံတကာအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို  ဖိအားပေးဖို့ လိုအပ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဒီဗွီဘီကို အရင်လက ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာသွားသူတွေပြန်လာဖို့ဆိုရင် သူတို့ရဲ့ မူလနေရာတွေမှာ နေရာချထားပေးဖို့ လိုအပ်သလို နိုင်ငံသားဖြစ်ခွင့်နဲ့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် စတဲ့ လူအခွင့်အရေးတွေ အပြည့်အဝပေးဖို့ လိုအပ်တယ်လို့လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို စက်တင်ဘာနောက်ဆုံးပတ်မှာ ပြန်ခေါ်မယ်လို့ ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားပေမယ့် ရခိုင်ပြည်နယ်မှာ တကျော့ပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နဂိုတည်းက အချိန်ကြန့်ကြာနေတဲ့ အစီအစဉ် ထပ်မံနှောင့်နှေးဖွယ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013