DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရင်ပေါင်တိုင်ကျေးရွာသား ၁၈ ဦးအပါအဝင် ကျဆုံးပြည်သူပေါင်း ၂၂၁၅ ဦးထိရှိလာ
DVB
·
August 18, 2022
စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရင်ပေါင်တိုင်ကျေးရွာသား ၁၈ ဦးအပါအဝင် ကျဆုံးပြည်သူပေါင်း ၂၂၁၅ ဦးထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၁၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၁၄၇ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၀၅၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၉၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၅ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၁ ရက်ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးနဲ့ ၁ နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။ အဲဒီလိုလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရဟတ်ယာဉ် ၃ စီးနဲ့ပဲ စစ်သား ၆၀ ကျော်ကို ချထားခဲ့ပြီး ကျေးရွာအတွင်းကို ဝင်ရောက် စီးနင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဩဂုတ် ၁၄ ရက်မနက်ပိုင်းအချိန် သူတို့ပြန်လည်ထွက်ခွာသွားပြီးနောက်မှာတော့ အသက် ၁၂ နှစ်အရွယ် ကလေး ၁ ယောက်ရဲ့ ရုပ်အလောင်းအပါအဝင် ရုပ်အလောင်း ၁၈ ခုကို ကျေးရွာအတွင်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါ တယ်။

ကချင်ပြည်နယ်၊ ဟိုပင်မြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နဲ့ ဖားကန့်မြို့နယ် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ ၂ ယောက်ဟာ ဩဂုတ် ၁၄ ရက်မနက်ပိုင်းက မြစ်ကြီးနားမြို့  ၂၁ မိုင်ဂိတ်မှာ ဖမ်းဆီးခြင်းခံခဲ့တယ်လို့ သိရပါတယ်။ သူတို့ ၂ ယောက်ဟာ မြစ်ကြီးနားကဆနေ မန္တလေးကိုအသွား  အဆိုပါဂိတ်အရောက်မှာ အကြမ်းဖက်စစ်အုပ်စုက ကိုစိုင်းမောင်ရဲ့ ဖုန်းနဲ့ အိတ်ကို စစ်ဆေးခဲ့ရာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်နွယ်တဲ့ အချက်အလက်တွေကို တွေ့ရှိရတယ်ဆိုကာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013