DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းရန် အန်အယ်လ်ဒီ ဆွပေးခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
DVB
·
August 17, 2022
စစ်တပ်အာဏာသိမ်းရန် အန်အယ်လ်ဒီ  ဆွပေးခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
Donate to DVB

စစ်တပ်က အာဏာသိမ်းအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဆွပေးခဲ့တာလို့ စစ်ကောင်စီ  ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ မဲမသမာမှုလို့ သုံးစွဲနေပြီး မဲလိမ်မဲခိုးတယ်လို့ မပြောရဲရလောက်အောင် ဘာအခက်အခဲတွေ ရှိနေလဲလို့ သူရိယနေဝန်းသတင်းထောက်ရဲ့ မေးမြန်းမှုနဲ့ပတ်သက်လို့ သြဂုတ် ၁၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေကြားခဲ့တာပါ။ 

အာဏာမသိမ်းခင်မှာ တပ်မတော်ရဲ့ လိုလားချက်ဆိုပြီး တပ်မတော်က အကြီးအကဲတွေ လက်မှတ်ထိုးပြီး မဲစာရင်းပြန်စစ်ပေးဖို့၊ စစ်တဲ့အခါမှာ အစိုးရ၊ တပ်မတော်နဲ့ ကြားနေအဖွဲ့အစည်းတခုပေါင်းပြီး စစ်ဖို့၊ စစ်နေတဲ့အချိန်မှာ လွှတ်တော်မခေါ်ဘဲ ဆိုင်းငံ့ပေးဖို့၊ စစ်ဆေးပြီးရင် ဥပဒေအတိုင်းဆက်လုပ်ဖို့ အချက်သုံးချက်ကို တပ်မတော်က တောင်းခဲ့ပေမဲ့ NLD ပါတီဟာ မဲလိမ်မဲခိုးတာတွေ ပေါ်မှာဆိုးတဲ့အတွက် ငြင်းဆန်ခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

“နိုင်ငံရေးပါတီတရပ်ဟာ မဲလိမ်မဲခိုးဖြစ်သွားပြီဆိုလို့ရှိရင် နိုင်ငံရေးပါတီတရပ်အနေနဲ့ ရပ်တည်ဖို့ရော သိက္ခာပိုင်းအရရော ဒါကြောင့်မို့လို့ သူတို့အနေနဲ့ အဖတ်ဆည်လို့ မရနိုင်တဲ့ အကြောင်းအရာကို တပ်မတော်ဆိုတဲ့ ဟင်းခတ်ဇွန်းကို မဖြစ်မနေခတ်မိအောင်ကို လုပ်ပြီး အဖတ်ဆည်တယ်လို့ပဲ မြင်တယ်။”

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီပါတီက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး စစ်တပ်ထောက်ခံတဲ့ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးမှာ မဲစားရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  စွပ်စွဲကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “အကြောင်းချင်းရာအရ ပြောရရင်တော့ တပ်မတော်ကို အဲ့အချိန်မှာ တွေ့ပါလိမ့်မယ်။ တပ်မတော်ကိုပြောနေတဲ့ စကားတွေ၊ တပ်မတော်ကို အာဏာမသိမ်း သိမ်းအောင်လုပ်တာ၊ ဇာတ်နာအောင်လုပ်တယ်လို့ပဲ ယူဆတယ်။ အာဏာမသိမ်း သိမ်းအောင်လိုလည်း ဆွပေးနေတယ်လို့လည်း ယူဆတယ်။ သိမ်းရဲသိမ်းကြည့်ပါလား အဲစကားတွေ ကြားဖူးမှာပါ၊ သိမ်းရင် အမှိုက်ပဲသိမ်းတို့၊ အဲဒါမတိုင်ခင်ကတည်းက သိမ်းရဲသိမ်းကြည့်ပါလား၊ အားလုံးနဲ့တွေ့သွားမယ်၊ ဒါတွေကို ဆွပေးနေတာဖြစ်တယ်” လို့ ဆင်ခြေပေးပါတယ်။

တပ်မတော်ဟာ ပါတီတရပ်မဟုတ်ဘဲ အဖွဲ့အစည်းတခုဖြစ်တဲ့အတွက် နိုင်ငံရေးယဉ်ကျေးမှုအရ

လက်ရှိအချိန်အထိ မဲမသမာမှုလို့ သုံးနှုန်းနေတာဖြစ်ပြီး မဲမသမာမှုဆိုတဲ့ အဓိပ္ပာယ်ဟာလည်း ဘာကိုဆိုလိုမှန်း အားလုံးသိပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲမှာ PR စနစ်တခုတည်း ပြုလုပ်သွားမှာမဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်မယ့် လွှတ်တော်တရပ် ဒါမှမဟုတ်ရင်လည်း နှစ်ရပ်ကို PR စနစ် လုပ်ပါလိမ့်မယ်။ အားလုံးကို PR စနစ်လုပ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ရည်မှန်းထားတာကို ပြောခြင်းဖြစ်တယ်။ ရည်မှန်းတာအားလုံးကို PR စနစ်လုပ်မှာတော့ မဟုတ်ဘူး။”

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ လုပ်မယ့်ပုံစံတွေကို ရှင်းပြသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အခြေခံမဲစာရင်းနဲ့ လူဦးရေစာရင်း တိကျမှန်ကန်မှု ရှိစေဖို့အတွက် ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013