
စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မြေယာ၊ တင်ဒါ၊ ပါမစ် ကိစ္စတွေနဲ့ ခုံရုံးဖွဲ့ စစ်ဆေးနေတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်ဆင်ရေးညွှန်ကြားရေးမှူးရုံး လက်အောက်မှာရှိတဲ့ အသံလွှင့်ဌာန၊ စာပေတိုက်၊ ထုတ်လွှင့်ရေးတပ်၊ ပညာရေးကျောင်းနဲ့ နယ်လှည့်ဆက်ဆံရေး တပ်ခွဲတွေက တင်ဒါ၊ ပါမစ်ကိစ္စတွေနဲ့ စစ်ဆေးခံရတာလို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“အဆောက်အအုံကိစ္စတွေ ထုတ်လွှင့်ရေးတပ်က တင်ဒါကိစ္စတွေနဲ့ ဆက်ဆံရေးတပ်ခွဲတွေက မြေယာပါမစ်ကိစ္စတွေကြောင့် စစ်ဆေးခံရတာ။ တချို့က သူ့မိန်းမကြောင့်လည်း ပြောပေမဲ့ သူ မပါဘဲ လုပ်လို့ မရဘူး။ သူ့ဆရာ ဗိုလ်ချုပ်ထွန်းညီညီကို လုပ်သလို သူလည်း အခု ဝဋ်ပြန်လည်တာ။”
ဗိုလ်ချုပ်ဇော်မင်းထွန်း တာဝန်ယူထားတဲ့ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးနဲ့ သတင်းမှန်ပြန်ကြားရေး နေရာကို ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို ပေးထားခဲ့ပါတယ်။
မြဝတီအသံလွှင့်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က “ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ဘက်မှာရော အရပ်ဘက်မှာရော တာဝန် မရှိတော့ဘူး။ သတင်းမှန် ပြန်ကြားရေးကို အခု ဗိုလ်မှူးချုပ် ရဲရင့်အောင်က တာဝန်ယူထားတယ်။ ကြံ့ခိုင်ရေးအစိုးရသစ် ပြန်ကြားရေး ဒုဝန်ကြီး ခန့်မယ်လို့ လည်း တပ်ထဲမှာ သတင်းတွေ ထွက်နေတယ်။ မပါရင်တော့ အရန်အင်အားရောက်ပြီ”လို့ ရှင်းပြပါတယ်။
မတ် ၂၃ ရက် စစ်ခေါင်းဆောင် ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်း ထုတ်ပြန်ပြီးနောက် မတ် ၂၅ ရက်မှာ ခုံရုံးဖွဲ့စစ်ဆေးခံရပြီးကတည်းက ဗိုလ်ချုပ်ဇော်မင်းထွန်း လူမြင်ကွင်းက ပျောက်ကွယ် သွားတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်တက္ကသိုလ် DSA ၃၇ ကျောင်းဆင်းဖြစ်ပြီး သူနဲ့ အပတ်စဥ် သူငယ်ချင်းတွေကတော့ ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ဒုဗိုလ်ချုပ်ကြီးဇော်မင်းလတ်၊ ပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်မင်းသူနဲ့ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်အောင်စိုးမိုးတို့ ဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က ပြန်ကြားရေးဒုခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှာ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်အဆင့် ရာထူတိုးမြှင့်ခံရပြီး ပြန်ကြားရေး ဒုဝန်ကြီးနဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူ ဖြစ်လာပါတယ်။










