
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်တပ်ရဲ့ ပြည်သူ့ ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးရုံး၊ ညွှန်ကြားရေးမှူးနေရာက မတ် ၂၅ ရက်မှာ အနားပေး လိုက်တယ်လို နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မတ် ၂၃ ရက်က စစ်ခေါင်းဆောင်ရဲ့ကျန်းမာရေးအခြေအနေသတင်းကို ထုတ်ပြန်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို တာဝန်ကနေ အနားပေး လိုက်တာလို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။
“တပ်ချုပ်ရဲ့ ကျန်းမာရေးအခြေအနေကို မလိုအပ်ဘဲထုတ်ပြန်လို့ စစ်ဘက်ကနေ အနားပေး လိုက်တာ။ အရပ်ဘက်တာဝန်ဖြစ်တဲ့ ပြန်ကြားရေးဒုဝန်ကြီးတာဝန်ကိုတော့ မနားသေးဘူး။ လက်ရုံး တပ်ထဲမှာတောင် စိတ်ဓာတ်စစ်ဆင်ရေးကဆိုတော့ သူ့ကို ပေးစရာ နေရာ မရှိဘူး” လို့ ပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းနေရာကို ပြည်သူ့ဆက်ဆံရေးနနဲ့ စိတ်ဓာတ်စစ်ဆင်ရေးရုံးကဒုညွန်ကြားရေးမှူး ဗိုလ်မှူးချုပ် ရဲရင့်အောင်ကို စစ်ခေါင်းဆောင်က ခန့်ထားခဲ့တယ်လို့ သူက ရှင်းပြ ပါတယ်။
မတ် ၂၆ ရက်က တပ်မတော်နေ့ ကဗျာ၊ ဝတ္တုတိုဆုပေးပွဲမှာ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေးရုံး ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်မှူးချုပ်ရဲရင့်အောင် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ညွှန်ကြားရေးမှူးအဖြစ်ကနေ အနားပေးလိုက်ပေမဲ့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်နေရာမှာ ကြံ့ခိုင်ရေးအစိုးရသစ် ဖွဲစည်းမဲ့အချိန်အထိ ဆက်ရှိနေမှာဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။
“ကြံ့ခိုင်ရေးအစိုးရသစ်မှာ ပြန်ကြားရေးဝန်ကြီးနေရာပေးမယ်ဆိုပြီး သတင်းထွက်နေပေမဲ့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တော့ မသေချာဘူး။ လတ်တလော တပ်မတော် သတင်းမှန်ပြန်ကြားရေးမှာ ဆက်ရှိနေမှာပါ” လို့ ပြောပါတယ်။
တာဝန်ကနေ အနားပေးခံရတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ခေါင်းဆောင်က ၂၀၁၈ ခုနှစ်မှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်တာဝန်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပြန်ကြားရေး ဒုဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပါတယ်။










