
စစ်အာဏာရှင်ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို အာဏာရှင်သမ္မတ မင်းအောင်လှိုင် က အနားပေးလိုက်ပြီး လာဘ်စားမှုကြောင့် အရေးယူခံရတာဖြစ်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒေါက်တာသက်ခိုင်ဝင်းကို အောက်တိုဘာ ၉ ရက်စွဲနဲ့ တာဝန်ကအနားပေးခဲ့တာဖြစ်ပြီး သူနဲ့အတူ ဒုဝန်ကြီး အေးထွန်းကိုလည်း တပါတည်း အနားပေးလိုက်တာ ဖြစ်ပါတယ်။
နေပြည်တော်က ကျန်းမာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူ သတင်းရင်းမြစ်တယောက်က “ဆေးကုမ္ပဏီ တွေဆီက လာဘ်စားလို့လို့ ပြောနေကြတာပဲ။ ကျန်းမာရေးလောကမှာ အခုလို လာဘ်စားမှုတွေ ဖြစ်နေတာ အတော်ဆိုးတယ်။ ပြည်သူတွေ ဆေးဝါးတွေ ဈေးကြီးပေးဝယ်နေရတာ သူတို့ကြောင့် လည်းပါတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒေါက်တာသက်ခိုင်ဝင်းနဲ့ ဒုဝန်ကြီးတို့ဟာ ပြည်ပက ဆေးတင်သွင်းနေတဲ့ကုမ္ပဏီတွေဆီက ငွေကျပ်သိန်းရာချီ လာဘ်စားထားပြီး နောက်ဆက်တွဲ အရေးယူတာတွေ ဆက်လုပ်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ပြည်ပက ဆေးဝါးတင်သွင်းခွင့်တွေကို တင်းကြပ်စွာထိန်းချုပ်ထားပြီး ဝန်ကြီးထောက်ခံချက်နဲ့ တင်သွင်းနေရတာ ဖြစ်ပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတချို့အရ ဆေးပစ္စည်း တင်သွင်းဖို့ ထောက်ခံချက်တစောင်ကို ငွေကျပ် သိန်း ၅၀၀ လောက်အထိ ဝန်ကြီးကို ပေးရတယ်လို့ သတင်းထွက်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ပကဆေးဝါးတင်သွင်းနေတဲ့ ကုမ္ပဏီတခုကို DVB က ဆက်သွယ် မေးမြန်းကြည့်ခဲ့ပေမဲ့ အဲဒီကုမ္ပဏီတာဝန်ရှိသူက ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
မနေ့က ထုတ်ပြန်တဲ့ တာဝန်ကအနားပေးတဲ့ ကြေညာချက်တွေအရ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဇော်မြင့်နိုင်၊ ပညာရေးဒုဝန်ကြီး ဇော်မြင့်တို့ကိုလည်း အနားပေးခဲ့ပါတယ်။











