DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီကို တွေ့ဆုံခဲ့သည့် ဂျပန်လွှတ်တော်အမတ် ဆန္ဒပြခံရ
DVB
·
August 17, 2022
အကြမ်းဖက်စစ်ကောင်စီကို တွေ့ဆုံခဲ့သည့် ဂျပန်လွှတ်တော်အမတ် ဆန္ဒပြခံရ
1 / 5
Donate to DVB

အာဏာရ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်တဲ့အဖွဲ့က အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်နဲ့ ဩဂုတ် ၁၁ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အပေါ် တိုကျိုမြို့က ပါတီဌာနချုပ်ရှေ့မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လူမျိုးတွေ ဩဂုတ် ၁၇ ရက် ဒီနေ့ညနေပိုင်းက သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

“ကျမတို့ ဒီနေ့လာဆန္ဒပြ တောင်းဆိုရတဲ့အချက်က သူတို့တွေ အကြမ်းဖက်စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ကြတာနဲ့ပတ်သတ်ပြီး ဘာတွေဆွေးနွေးခဲ့ကြလဲ၊ နောက်ထပ်ဘာအစီအစဉ်တွေ လုပ်ကြမယ်ဆိုတာ ကျမတို့ မြန်မာပြည်သူတွေကိုရော၊ ဂျပန်ပြည်သူတွေကို အမြန် ပြန်လည်ရှင်းပြဖို့ရယ်၊ နောက်တချက်က အရင်နှစ်ထည်းက ဂျပန်လွှတ်တော် ၂ ရပ်က အာဏာသိမ်းမှုကိုရှုတ်ချပြီး စစ်ကောင်စီကို အသိအမှတ်မပြုဘူးဆိုတာနဲ့ ပြည်သူအစိုးရကို ပြန်အာဏာလွှဲဖို့ဆိုတာတွေကို အာဏာရပါတီအနေနဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ လာရောက်တောင်းဆိုကြတာပါ” လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာ ခင်ဇေယျာမြင့်က ဒီဗွီဘီကို ရှင်းပြခဲ့ပါတယ်။

Mr. Hiromichi Watanabe ဆီ လိပ်မူထားတဲ့ မြန်မာပြည်သူတွေသ ဘောထားနဲ့ ဆန္ဒပြတောင်းဆိုရတဲ့အကြောင်းအရာ တောင်းဆိုစာကို ပေးအပ်ရာမှာ ကိုယ်စားအဖြစ် ပါတီရုံးတာဝန်ခံအရာရှိက ရုံးအပြင်ထွက်ပြီး လက်ခံရယူခဲ့ပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တဲ့ လွှတ်တော်အမတ် Watanabe က သူ့ရဲ့ လူမှုကွန်ရက်မှာ မြန်မာနိုင်ငံဟာ အေးချမ်းသာယာနေပြီလို့ ရေးသားထားမှုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ နေ့စဉ်အကြမ်းဖက်သတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူတွေကို မျက်ကွယ်ပြု စော်ကားရာရောက်ကြောင်း၊ အာဏာရပါတီအနေနဲ့ ဒါကို ဖြေရှင်းပေးဖို့ လိုတယ်လို့လည်း ဂျပန်ရောက်မြန်မာများကိုယ်စား တောင်းဆိုစာပေးအပ်သူ မလဲ့လဲ့လွင်က လက်ခံသူ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ တာဝန်ခံကို ပြောကြားခဲ့ပါတယ်။

လွှတ်တော်အမတ် Watanabe ဟာ မြန်မာနိုင်ငံမှ ပြန်ရောက်အပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ စစ်ကောင်စီခေါင်းဆောင်ကို ဝန်ကြီးချုပ်အနေနဲ့သုံးထားပြီး ကျေးဇူးတင်ကြောင်းနဲ့ ရန်ကုန်၊မန္တလေးတို့မှာ အေးချမ်းတည်ငြိမ်နေပြီလို့ ရေးသားထားပါတယ်။

အခုလို ရေးသားတဲ့အပေါ် ဆန္ဒပြပွဲမှာလာရောက်ပူးပေါင်းတဲ့ စီဒီအမ် သံအရာရှိ ဦးအောင်စိုးမိုးက “စစ်ကောင်စီ အကြိုက်လိုက်ပြီး မြန်မာပြည်သူတွေက လက်မခံတဲ့ စစ်ကောင်စီ မင်းအောင်လှိုင်ကို သူက ဝန်ကြီးချုပ်လို့ သုံးနှုန်းပြောဆိုရေးသားထားတာကလည်း မြန်မာပြည်သူတွေကို ဂရုမစိုက်တာ၊ မြန်မာ့အရေးကို အဆိပ်ထပ်ခတ်လိုက်တာလို့ ကျနော်က မြင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲဦးဆောင်အဖွဲ့ဝင်ဦးမြင့်ဆွေကလည်း “သွေးစွန်းနေတဲ့ ဒီအကြမ်းဖက်စစ်ကောင်စီကို တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့တွေ တောင်းဆိုတာတွေကို တရားဝင် တောင်းပန် ရှင်းမပြရင် ဒီထပ်ပိုပြီး မြန်မာ့အရေးကူညီနေတဲ့ ဂျပန်လွှတ်တော်အမတ်တွေ၊ ဂျပန်အန်ဂျီအိုတွေနဲ့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန်တောင်းဆိုမှုတွေလုပ်သွားမယ်” လို့  ပြောပါတယ်။

ဩဂုတ် ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်း  Mr. Hiromichi Watanabe ဦးဆောင်တဲ့ ဂျပန်လွှတ်တော်အမတ်အဖွဲ့ဟာ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်ဒါရိုက်တာ မစ္စတာ Mr.Toru Kubota ပြန်လွှတ်ပေးရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013