DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
စပိန်အသင်းက ပြင်သစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက် 
DVB
·
July 15, 2026
စပိန်အသင်းက ပြင်သစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက် 
1 / 12
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းက  ပြင်သစ်ကို (၂-၀) ဂိုးနဲ့အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒါးလတ်စ် အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ဥရောပချန်ပီယံ စပိန်အသင်းဟာ အမ်ဘာပေ ဦးဆောင်တဲ့ ပြင်သစ်တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်ကစားသွားခဲ့တာဖြစ်ပါတယ်။

စပိန်ကစားအသင်းအတွက် အဖွင့်ဂိုးကိုတော့  မီကေလ် အိုယာဇာဘယ်လ်က ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပွဲချိန် ၂၂ မိနစ်မှာ ပြင်သစ်ကစားသမား လူကပ်စ်ဒီဂ်ညေးက ဘောလုံးရှင်းထုတ်ဖို့ကြိုးစားရာမှာ  စပိန်ကစားသမား ယာမားလ်ကို ဂိုးဧရိယာထဲမှာ ကန်မိပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ရရှိလာတဲ့ ပင်နယ်တီကို  အိုယာဇာဘယ်လ်က အမှားအယွင်းမရှိ ဂိုးသွင်းယူခဲ့ပါတယ်။

စပိန်အတွက် ဒုတိယအနိုင်ဂိုးကိုတော့ ပွဲချိန် ၅၈ မိနစ်မှာ ပေဒရို ပေါရိုက ဒါနီ အိုလ်မိုနဲ့ အချိတ်အဆက်မိမိ ကစားကာ အသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သပ်ရပ်စွာ သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ စပိန်အသင်းက လာမင်း ယာမားလ် တကိုယ်တော် ထိုးဖောက်ကာ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ လူကျွံဘော ဖြစ်သွားခဲ့လို့ စပိန်အသင်း နောက်တဂိုးရမဲ့ အခွင့်ရေး ဆုံးရှုံးသွားခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာ လူငယ်တောင်ပံကစားသမား လာမင်းယာမဲလ်က အကောင်းဆုံး ခြေစွမ်းပြခဲ့သလို ကွင်းလယ်လူ ရိုဒရီကလည်း အသင်းအတွက် အားကောင်းတဲ့ ကစားပုံကို ပြသခဲ့ပါတယ်။ 

စပိန်အသင်းအတွက်တော့ ဒီနိုင်ပွဲဟာ တဦးချင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ထက် အသင်းလိုက် စုစည်းမှုရဲ့ ရလဒ်ကောင်းတခု ဖြစ်တယ်လိုလည်း သုံးသပ်ကြပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်ကလိုပဲ ပြင်သစ်ခံစစ်ကို အကြိမ်ကြိမ် ထိုးဖောက်ခဲ့ပြီး အနိုင်ရအောင် အဓိက ကူညီပေးခဲ့ပြီး ယာမဲလ်ရဲ့ ကစားပုံက ပြင်သစ်အသင်းကို အမှန်တကယ် ဒုက္ခပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

စပိန်အသင်းဟာ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားခဲ့တဲ့ ပွဲစဉ် ၇ ပွဲအနက် ၆ ပွဲအထိ ပေးဂိုးမရှိ ထိန်းသိမ်းထားနိုင်ခဲ့ပြီး  ဒီနေ့ပြင်သစ်နဲ့ပွဲမှာလည်း စပိန် ဂိုးသမားနဲ့ နောက်တန်းကစားသမားတွေက အကောင်းဆုံး ဟန့်တား ကစားသွားနိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းကတော့  ပြီးခဲ့တဲ့ ၆ ပွဲမှာ  ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမဲ့ ဒီကနေ့ပွဲမှာတော့ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အမ်ဘာပေးနဲ့ ဒမ်ဘီလီတို့ ဂိုးသွင်းယူဖို့  ရုန်းကန်ခဲ့ရပြီး အသင်းလိုက် ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်သာ ကြိုးပမ်းနိုင်ခဲ့ပါတယ်။ 

စပိန်အသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က ယူရိုချန်ပီယံရှစ်ဆုကိုရရှိစဉ် ပြင်သစ်ကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူခဲ့သလို၊ ၂၀၂၅ ခုနှစ် နေရှင်းလိဂ် ဆီမီးဖိုင်နယ်မှာလည်း ပြင်သစ်ကိုပဲ ထပ်မံအနိုင်ယူခဲ့သလို အခုနှစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာလည်း ပြင်သစ်အပေါ် တတိယအကြိမ်မြောက် နိုင်ပွဲဆက်ခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၃၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို တင်ရှိသွားကာ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းကလိုပဲ ယူရိုချန်ပီယံနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဆု ၂ ခုစလုံးကို တပြိုင်နက် ဆွတ်ခူးနိုင်ဖို့ အလားအလာ ကောင်းနေပြီ ဖြစ်ပါတယ်။

ဒီပွဲအနိုင်ရသွားတဲ့ စပိန်အသင်းဟာ ဗိုလ်လုပွဲမှာ အင်္ဂလန်ဒါမှမဟုတ် အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းကတော့ တတိယနေရာလုပွဲ ကစားဖို့သာ ကျန်ရှိတော့ပြီး နည်းပြ ဒီးဒီးယားဒေရွှမ့်ရဲ့ ၁၄ နှစ်ကြာ သက်တမ်းကို စိတ်ပျက်စရာနဲ့ အဆုံးသတ်စေမှာဖြစ်ပါတယ်။

Source: SkySports/ BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013