DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ဖားကန့်၊ ဆယ်ဇင်းကျေးရွာမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂၀၀၀ ကျော်ရှိလာဟု ကုလပြော
DVB
·
August 17, 2022
တိုက်ပွဲကြောင့် ဖားကန့်၊ ဆယ်ဇင်းကျေးရွာမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂၀၀၀ ကျော်ရှိလာဟု ကုလပြော
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော်ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဆယ်ဇင်းကျေးရွာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ လူဦးရေဟာ ၂,၀၀၀ ကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိသလို အိမ်ခြေ အနည်းဆုံး ၃၀၀ လောက် မီးသင့်ခဲ့တဲ့အတွက် အိမ်ထောင်စု ၅၀၀ လောက် ထိခိုက်ခဲ့ကြရပြီး ဆယ်ဇင်းကျေးရွာအတွင်းမှာ ပိတ်မိနေသူတွေလည်း ရှိနေသေးတာကြောင့် အိုးအိမ်စွန့်ခွာရသူ အရေအတွက်ဟာ ဒီ့ထက်ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လတ်တလောမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေဟာ ဖားကန့်မြို့နယ်က တာမခံနဲ့ ဟောင်ပါးကျေးရွာတွေမှာရှိတဲ့ တိုက်ပွဲရှောင်စခန်း ၆ ခုမှာ အများဆုံးရောက်နေကြပြီး သူတို့ကို ဒေသခံ မိတ်ဘက်အဖွဲ့အစည်းတွေကနေတဆင့် လိုအပ်တဲ့ အကူအညီတွေ စတင်ပေးနေပြီ ဖြစ်သလို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးနိုင်ရေး သေချာစေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အမျိုးမျိုးနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဒေသအတွင်း ဇူလိုင်လကုန်လောက်ကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေဟာ စိုးရိမ်စရာ ဖြစ်လာနေပြီး မြန်မာနိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၈ ရက်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့တယ်လို့ (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းယူပြီးကတည်းက လူ ၄၁,၉၀၀ ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013