
မကွေးတိုင်း ချောက်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်းဟာ သြဂုတ် ၆ ရက်အထိ နရွဲတောကျေးရွာအပါအဝင် ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး နရွဲတောကျေးရွာက လူနေအိမ်တွေကတော့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “အခုလ ၃ ရက်နေ့ မနက်စောပိုင်းမှာ ကတိုင်(တောင်) ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီးထွက်လာတဲ့ စစ်ကြောင်းက နရွဲတောရွာထဲကိုဝင်လာပြီးတော့ ရောက်ရောက်ချင်းပဲ အိမ်တွေကိုမီးရှို့တယ်။ ၄ ရက်နေ့ကလည်း တနေကုန် နေရာတွေခွဲပြီး ရှို့ကြတာ။ ၅ ရက်နေ့ မနက်စောပိုင်းမှာလည်း ထပ်ရှို့တယ်။ အိမ် ၄၀၀ ရှိတဲ့ နရွဲတောရွာကတော့ ၃ ရက်ဆက်တိုက်ရှို့ခံရတာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးကုန်ပါပြီ” လို့ ပြောပါတယ်။
နရွဲတောကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကလည်း စစ်တပ် စစ်ကြောင်း ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၃၀ ကျော် မီးလောင် ပျက်စီး ခဲ့ပါသေးတယ်။
နရွဲတောကျေးရွာကို သြဂုတ် ၅ ရက် မနက် ၆ နာရီဝန်းကျင်မှာ ၃ ကြိမ်မြောက် မီးရှို့ ဖျက်ဆီးပြီးနောက် ရွာမကျေးရွာကိုလည်း ၅ နေရာခွဲကာ မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းကိုထောက်လှမ်းနေတဲ့ ချောက်မြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင် တယောက်က “နရွဲတောရွာကအိမ်တွေကို မီးရှို့ပြီး အဲဒီထဲမှာ တပ်စွဲနေတာက အင်အား ၄၀၀ လောက်ရှိတယ်။ ၅ ရက်နေ့ မနက်ပိုင်းမှာ အင်အား ၄၀၀ လောက်ထဲကနေ တဝက်လောက်က ရွာမရွာဘက်ကူးပြီး ရွာထဲကအိမ်တွေကို နေရာတွေခွဲပြီးမီးရှို့ပြန်တာ။ ကျန်တဲ့တဝက်လောက်က နရွဲတောရွာကို ၃ ကြိမ်မြောက်မီးထပ်ရှို့ပြီး ကျန်နေခဲ့တယ်။ ရွာမရွာကို မီးရှို့တဲ့အဖွဲ့ကတော့ အဲဒီရွာကနေ ချောင်ဦးနဲ့ ဆူးတောရွာတွေဘက်ကိုကူးသွားပြီးတော့ အိမ်တွေကိုမီးရှို့တယ်။ ဆူးတောရွာအနောက်ဘက်နားက စစ်ရှောင်ပြည်သူတွေ ယာယီနေထိုင်နေတဲ့နေရာတွေကို ဒရုန်း နဲ့ ဗုံးကြဲလို့ စစ်ရှောင်ပြည်သူ ၂ ယောက် ဒဏ်ရာရထားတယ်။ ပြည်သူ ၂ ယောက်ထက် မနည်းလည်း အသတ်ခံထားရတယ်လို့ သိထားရတယ်ဗျ။ အတည်တော့ မပြုနိုင်သေးဘူး” လို့ DVB ကို ပြောပါတယ်။
သြဂုတ် ၆ ရက်နေ့ညပိုင်းအထိ နောက်ချန်အင်အား ၂၀၀ ဝန်းကျင်ဟာ နရွဲတောကျေးရွာမှာ ဆက်လက်တပ်စွဲနေပြီး ရွာမကျေးရွာဟာလည်း စစ်တပ်စစ်ကြောင်းနဲ့ အနီးကပ် ရှိနေသေးတာ ကြောင့် မီးလောင်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကြောင်းကြောင့် နရွဲတောကျေးရွာ အပြင် ရွာမ၊ ဆူးတော၊ ကတိုင် (တောင်)၊ ချောင်ဦးနဲ့ ကံသစ်ကုန်းကျေးရွာတွေက ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့လည်း လုံခြုံရေးကို အထူးဂရုပြုကြဖို့အပြင် စစ်ကြောင်းအန္တရာယ်ကို အထူးရှောင်ရှားကြဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကြောင်းသတင်းတွေကို အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးနေတယ်လို့ သိရပါတယ်။
ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့သလို လက်ရှိမှာလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ သိရပေမဲ့ သက်ဆိုင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။










