DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးတက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် Local PDF များကို ထောက်ပို့မှု ထိခိုက်
DVB
·
August 17, 2022
ဒေါ်လာဈေးတက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် Local PDF များကို ထောက်ပို့မှု ထိခိုက်
Donate to DVB

ပြည်တွင်းမှာ ဒေါ်လာဈေးတက်ပြီး မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းလာတာကြောင့် ပြည်တွင်းအလှူရှင်ရဲ့ အကူအညီနဲ့ ရပ်တည်နေရတဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(Local PDF)တွေအတွက် ထောက်ပို့မှု လုပ်ငန်းတချို့ ထိခိုက်မှုရှိနေတယ်လို့ PDF ထောက်ပို့တွေထံက သိရပါတယ်။

“ပြည်တွင်းအလှူက ကျပ်ငွေပဲရတယ်။ လက်နက်ခဲယမ်း ရောင်းတဲ့အဖွဲ့တွေက အခုနောက်ပိုင်း ကျပ်ငွေမယူတော့ဘူး။ နိုင်ငံခြားငွေပဲ ယူတော့တယ်။ အဲဒီမှာ ထိခိုက်မှုတချို့ရှိလာတယ်”လို့ စစ်ကိုင်းတိုင်းက Local PDF တွေကို ထောက်ပို့လုပ်နေသူ တယောက်က ပြောပါတယ်။

မြန်မာငွေတန်ဖိုး ကျဆင်းလာနဲ့အမျှ နိုင်ငံခြားငွေနဲ့ ဝယ်ယူရတဲ့ လက်နက်နဲ့ ခဲယမ်းစျေးနှုန်းတွေဟာ နိုင်ငံခြားငွေဈေးနဲ့အတူ လိုက်လံမြင့်နေတာကြောင့်လည်း Loca PDF ထောက်ပို့လုပ်ငန်းတချို့ အပေါ်မှာ ထိခိုက်မှုရှိနေတာ ဖြစ်ပါတယ်။

ဒီးမော့ဆို Local PDF ကို ထောက်ပို့လုပ်ပေးနေသူတစ်ဦးက “သေနတ်ဈေးလည်း လိုက်တက်တယ်။ ကျည်ဈေးလည်း လိုက်တက်တယ်။ ဈေးကွက်မှာ ဝယ်ယူတဲ့သူများတဲ့ ကျည်အမျိုးအစားအလိုက် တတောင့်ကို  တစ်ထောင် နှစ်ထောင် တက်တယ်။ သေနတ်တွေဆို သိန်းနဲ့ချီပြီး ဈေးမြောက်သွားတယ်။ ဈေးနှုန်းကြောင့် အရင်ကလောက် မထောက်ပို့နိုင်တော့ဘူးပေါ့"လို့ ပြောပါတယ်။

လက်နက်၊ ခဲယမ်းတွေအပြင် တခြားစစ်အသုံးအဆောင်ပစ္စည်းနဲ့ ရိက္ခာဖိုးတွေမှာလည်း မြင့်တက်လာတာကြောင့်လည်း Local PDF တွေကို လိုအပ်သလောက် ထောက်ပံ့ပေးဖို့ အားနည်းလာတာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

Local PDF မြောက်ပိုင်းထောက်ပို့အဖွဲ့ဝင်တစ်ဦးက “အရင်က ကြိုးပုခက်တစ်ခုကို ကိုးထောင်ပဲ ပေးရတယ်။ အခု တစ်သောင်းခြောက်ထောင် ပေးဝယ်ထားရတယ်။ တနေ့တခြား ဈေးက တက်တက်လာတယ်။ ရိက္ခာဆို ရှူးရှဲပဲ စျေးမတက်တာ။ ဒါပေမဲ့ အထဲမှာ တဝက်ပဲပါတော့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လစဥ်ထောက်ပံ့နေကြတဲ့ သူတွေမှာလည်း ငွေစျေးကျဆင်းမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်နေမှုတွေကြောင့် အရင်တုန်းကလောက် မထောက်ပံ့နိုင်တော့ဘူးလို့ ဆိုပါတယ်။

“ဝင်ငွေနဲ့ ထွက်ငွေမမျှဖြစ်လာတော့ အရင်လစဥ် တစ်သိန်းလှူတဲ့သူက အခုဆို ထက်ဝက်လောက်ပဲ လှူတော့တယ်”လို့ PDF ထောက်ပို့တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေး ယိုယွင်းပျက်စီး ကျဆင်းလာနေပြီး  ငွေကြေးဖောင်းပွ မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းလာနေသလို နိုင်ငံတဝန်းမှာ လောင်စာဆီ ရှားပါးပြတ်လပ် ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ပြည်သူတွေ ကြုံတွေ့နေရပါတယ်။ 

စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုမရှိတာ လောင်းကစားနဲ့  ဒုစရိုက်မှုတွေ ပေါများလာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊  အလုပ်အကိုင် ရှားပါးမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို  ပြည်သူလူတွေ ခံစားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013